၂၁ ရာစုပင်လုံ ညီလာခံကြိုဆိုထောက်ခံပြီး သံဃာတော်များကို ဆွမ်းဆက်ကပ်လှူဒါန်း
Aung Aung Naing
·
May 24, 2017
မေ ၂၄ ရက် မနက် ၅ နာရီအချိန်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် အောင်နန်းရိပ်သာ အနောက်အကွက် ၅၅၁၊ ၈၄ လမ်း၊ ၃၄x၃၅ လမ်းကြားမှာ ငြိမ်းချမ်းရေး လိုလားသူများအဖွဲ့က ဦးဆောင်ကာ ၂၁ ရာစု ငြိမ်းချမ်းရေး ပင်လုံညီလာခံကြီးကို ကြိုဆိုထောက်ခံတဲ့အနေနဲ့ သံဃာတော်တွေကို ဆွမ်းခဲဖွယ် ဘောဇဉ်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။
“လှူဒါန်းမှု အစုစုတို့မှ ရရှိသမျှ ကုသိုလ်ကောင်းမှုတို့ကိုလည်း သမ္မာဒေဝ နတ်ကောင်း နတ်မြတ်များ၊ လောကပါလစောင့်နတ်မင်းကြီးများနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားများ ၂၁ ရာစု ပင်လုံညီလာခံကြီး ဖြစ်မြောက်အောင်မြင်စေလိုသော နတ်မြတ်နတ်ကောင်းများကို အမျှပေးဝေပါတယ်” လို့ ငြိမ်းချမ်းရေးလိုလားသူများအဖွဲ့မှ တာဝန်ခံ ဦးချိုက ပြောပါတယ်။
၂၁ ရာစု ငြိမ်းချမ်းရေးပင်လုံညီလာခံကြီးကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဘေးရန်ကင်း အနှောင့်အယှက်တွေ ကင်းငြိမ်းပြီး အောင်မြင်အောင် ဆုတောင်းကြစေချင်တယ်လို့လည်း ထပ်လောင်းပြောပါတယ်။