မန်ယူကိုပြောင်းရွှေ့ရန် ၆၀ ရာခိုင်နှုန်း အခွင့်အရေးရှိဟု ဂရစ်ဇ်မန်း ပြော

475
မန်ယူအသင်းဆီ ပြောင်းရွှေ့ကစားဖို့အတွက် ၆၀ ရာခိုင်နှုန်း အခွင့်အရေးရှိနေတယ်လို့ အက်သလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဂရစ်ဇ်မန်းက ဝန်ခံပြောကြားလိုက်ပါတယ်။
မန်ယူအသင်းကို ပြောင်းရွှေ့ဖို့များနေပြီး လာမယ့် ၂ ပတ်အတွင်း ဆုံးဖြတ်ချက်ချမှာဖြစ်ပေမယ့် ပြောင်းရွှေ့ဖို့ ၆၀ ရာခိုင်နှုန်း အခွင့်အရေးရှိနေတယ်လို့ ပြင်သစ်တီဗွီတခုနဲ့ အင်တာဗျူးမှာ ဂရစ်ဇ်မန်းက ပြောကြားလိုက်တာပါ။
အသက် ၂၆ နှစ်ရှိ ပြင်သစ်လက်ရွေးစင် ကစားသမား ဂရစ်ဇ်မန်းဟာ ဒီနှစ်ရာသီမှာ အက်သလက်တီကိုအတွက် ၂၆ ဂိုးသွင်းယူပြီး ခြေစွမ်းပြနေတာပါ။
၂၀၁၆ ခုနှစ် ကမ္ဘာ့အကောင်းဆုံး စကာတင်သုံးယောက်စာရင်းမှာလည်း ပါဝင်ခဲ့ပြီး မန်ယူအသင်းက ကာလရှည် စိတ်ဝင်စားနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
မန်ယူအသင်းအနေနဲ့ ဟော်လန်ကလပ် အေဂျက်နဲ့ကစားရမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အနိုင်ရပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရခဲ့မယ်ဆိုရင် ဂရစ်ဇ်မန်းအနေနဲ့လည်း သေချာပေါက် ပြောင်းရွှေ့ဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။