အုတ်တွင်းမြို့နယ် အမျိုးသား ၄ ဦးဆီထံမှ စိတ်ကြွဆေးပြား ၃ သောင်းနီးပါး ဖမ်းမိ
DVB
·
May 23, 2017
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်မှာ မေလ ၂၃ ရက်နေ့ မနက်အစောပိုင်းက လူ ၄ ဦးဆီကနေ စိတ်ကြွဆေးပြေား ၃ သောင်းနီးပါး ဖမ်းဆီးရမိခဲ့ပါတယ်။
သွားရောက်ဖမ်းဆီးခဲ့တဲ့ ဘားအံခရိုင်က ရဲအုပ်သက်စိုးဦးက “မနက်၂ နာရီလောက်က မှော်ယောတံတားနားမှာ ဖမ်းမိတာပါ။ ဘားအံ ကွင်းဆက်ပါ၊ ဘားအံမှာ ဦးဇော်ကြီးတို့ ဆရာတပည့်နှစ်ယောက်ကို မူးယစ်ဆေးဝါးအပြား ၁ သိန်း ၂ သောင်းနဲ့ ဖမ်းမိတယ်လေ၊ အဲ့ကနေပြီး အချိတ်အဆက်နဲ့သူတို့ကနေ ပြီးတော့ အဲ့ကဝယ်တာပါလို့ ထွက်ဆိုတဲ့အတွက် အဲ့မှာ ကျနော်တို့သူတို့ရဲ့ ဖုန်းနဲ့ချိန်းဆိုပြီး စောင့်ဖမ်း ခဲ့တာ၊ ဆေးပြား ၂ သောင်း ၈ ထောင်မိပါတယ်”လို့ ပြောပါတယ်။
ဘားအံခရိုင် မှုခင်းနှိမ်နင်းရေးဌာနစုက တပ်ဖွဲ့ဝင်တွေနဲ့ အုတ်တွင်းနယ်မြေရဲစခန်းက တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဘားအံနယ်မြေရဲစခန်းမှ မူး/စိတ်ပုဒ်မ-၁၅/၁၉ (က)/၂၁ အမှုက တရားခံ ဇော်ဝင်းနဲ့ ကျော်သူစိုးတို့ရဲ့ ထွက်ဆိုချက်အရ ကွင်းဆက်တရားခံတွေကို မူးယစ်ဆေးဝယ်ယူဖို့ ဖုန်းနဲ့ဆက်သွယ်ခဲ့ရာ အုတ်တွင်းမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း မှော်ယောတံတား အနီးကို ချိန်းဆိုခဲ့ပြီး သွားရောက်စောင့်ဆိုင်း ဖမ်းဆီခဲ့တာပါ။
သွားရောက်စောင့်ဆိုင်းနေစဉ် ဆိုင်ကယ် ၂ စီးရောက်ရှိလာပြီး ကိုဇော်(ခ)ဇော်ဝင်းနဲ့ ခွန်ချမ်းငြိမ်းတို့ စီးနင်းလာတဲ့ မော်တော်ဆိုင်ကယ်ပေါ် နှစ်ယောက်ကြားမှ အဝါရောင်ပီနံအိတ်နဲ့ ထည့်ထားတဲ့ အဖြူရောင်ပလပ်စတစ်အိတ်အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၂၀၀ ထည့်ထားသော ၅၀ ထုပ်ပါ ၂ တောင့်၊ ၄၀ ထုပ်ပါ ၁ တောင့်အပါ စိတ်ကြွဆေးပြား ၂၈၀၀၀ ကို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
စိတ်ကြွမူးယစ်ဆေးပြားတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တဲ့ ကိုဇော် (ခ)ဇော်ဝင်းပါ ၄ ဦးတို့ကို အုတ်တွင်းမြို့မရဲစခန်း မယ(ပ)၂/၂၀၁၇၊မူး/စိတ်ပုဒ်မ -၁၅/၁၉(က)/၂၁ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။