သူရဦးတင်ဦး အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့ဟု ရန်ကုန်ပြည်သူ့ ဆေးရုံအုပ်ကြီးပြော
DVB
·
May 22, 2017
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး အသက်အန္တရာယ် စိုးရိမ်စရာ မရှိတော့ဘူးလို့ ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီးက ပြောပါတယ်။
*အခုအခြေအနေအရဆိုရင်တော့ အသက်အန္တရာယ်က ကျနော်တို့ ဘက်ပါလာပြီလို့ ပြောလို့ရပါတယ်။ စိုးရိမ်စရာမရှိတော့ပါဘူး။ ရောက်စကထက် အခြေအနေက အများကြီး တိုးတက်လာတာ တွေ့ရပါတယ်။ အခုချိန်မှာ ညာဘက်လက်နဲ့ ညာဘက်ခြေထောက်လှုပ်လို့ မရဘူး၊ စကားကတော့ ပြောလို့မရသေးဘူး၊ ဝူးဝူးဝါးဝါး ဖြစ်နေတယ်။ ဒါပေမယ့် အသိကတော့ ကောင်းမွန်စွာရတယ်။ ကျနော်တို့ပြောတဲ့ စကားတွေ ကောင်းစွာနားလည်ပါတယ်။ ကျနော်တို့ လုပ်ခိုင်းတဲ့ဟာမျိုးတွေ လုပ်နိုင်တယ်။ ဥပမာ လျှာထုတ်ပြပါဆို လျှာထုတ်ပြတယ်၊ လက်လှုပ်ပြပါဆို လက်လှုပ်တာမျိုးတွေ ကောင်းကောင်းမွန်မွန်ပြန်ပြီး လုပ်ပြနိုင်ပါတယ်” လို့ ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကိုက ဒီဗွီဘီကို ပြောပါတယ်။
လက်ရှိမှာ အန်အယ်လ်ဒီ နာယက သူရဦးတင်ဦးရဲ့ ကျန်းမာရေးကို ရန်ကုန်ဆေးရုံကြီးမှာ အထူးကြပ်မတ် ကုသနေပါတယ်။
သူရဦးတင်ဦး ကျန်းမာရေးကောင်းမွန်လာစေဖို့အတွက်လည်း ရန်ကုန်၊ မန္တလေးနဲ့ တခြားနယ်မြို့တွေမှာ ဝန်ကြီးချုပ်တွေအပါအဝင် ပါတီဝင်တွေက ဆုတောင်းပွဲတွေ ကျင်းပနေကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက သူရဦးတင်ဦးဟာ မေ ၁၇ ရက်ည ၁၁ နာရီကျော်လောက်က သူ့ရဲ့ နေအိမ် ရေချိုးခန်းမှာ ချော်လဲထိခိုက်ဒဏ်ရာရရှိ သတိလစ်သွားခဲ့တာကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြော အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသမှုခံနေရတာ ဖြစ်ပါတယ်။
သတင်းနှင့်ဓာတ်ပုံ - ပြည့်ဘုန်းအောင်