ဂင်းနက်စ်ကမ္ဘာ့စံချိန်တင် အသက်အငယ်ဆုံး ၆ နှစ်သား ဒီဂျေသမားလေး (ရုပ်သံ)

740
ဂျပန်နိုင်ငံမှ အသက် ၆ နှစ်အရွယ်သာရှိသေးတဲ့ အစ်ဆုကီ မိုရီတာဟာ ကမ္ဘာ့ အသက်အငယ်ဆုံး ဒီဂျေသမားလေးတဦးအဖြစ် ဂင်းနက်စ် ကမ္ဘာ့မှတ်တမ်းဝင်ခဲ့ပါတယ်။
တိတိကျကျပြောရရင် သူ့ရဲ့အသက်ဟာ ၆ နှစ်နဲ့ ၁၁၄ ရက်သာရှိသေးပြီး အိုဆာကာမြို့မှ အယ်လ်စားသောက်ဆိုင်နဲ့ ဘားတခုတွင်း ပရိသတ်တွေရဲ့ရှေ့မှာ ဖျော်ဖြေနေခဲ့ပါပြီ။
အစ်ဆုကီ မိုရီတာဟာ မိခင်ဖြစ်သူရဲ့ သူငယ်ချင်းဖြစ်သူဆီကတဆင့် ဒီဂျေပညာကို သင်ယူခဲ့တာဖြစ်ပြီး သူသင်ယူခဲ့တာတွေထဲမှာ ဒစ္စကိုနဲ့ အပြင်းစားရော့ခ်သံစဉ်တွေကို ဘယ်လိုပေါင်းစပ် ဖန်တီးသလဲ ဆိုတာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
“ဒီဂျေတီးခတ်နေသူတွေကို မြင်ရရင်ကို ကျနော် ပျော်လာတော့တာပဲ။ အပျော်ရွှင်ရဆုံးအချိန်ပဲ။ ဒီဂျေသမားတယောက်ဖြစ်ရတာ ကျနော် တကယ့်ကို ပျော်ပါတယ်။ လူတိုင်းက ဒါဟာ ခမ်းနားတယ်လို့ ပြောကြပါတယ်။”
သူ့ရဲ့မိခင်ဖြစ်သူကတော့ “ခုလို ကမ္ဘာ့မှတ်တမ်းဝင်ခဲ့ပြီးနောက်မှာလည်း သူက အလျှော့ပေးမှာ မဟုတ်ပါဘူး။ သူ့ရဲ့ဖန်တီးမှုတွေကို ပြောတိုင်း သူဟာ ပြုံးရွှင်နေတာပဲ” လို့ ဆိုပါတယ်။
ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ နာမည်ကျော် ကယ်လ်ဗင်ဟဲရစ္စရဲ့ သီချင်းတပုဒ်ကို ဖန်တီးအစွမ်းပြထားတဲ့ အစ်ဆုကီ မိုရီတာရဲ့ ဒီဂျေအစွမ်းကို ကြည့်ရှုခံစားကြရမှာ ဖြစ်ပါတယ်။