Home
မြန်မာသတင်း
၂၁ ရာစု ပင်လုံ သဘောတူညီချက် ရှမ်းပြည်တပ်မတော် လက်မှတ်ထိုးမည်မဟုတ်
နန်းမြနဒီ
·
May 22, 2017
နေပြည်တော်မှာ မေ ၂၄ ရက် စတင်ကျင်းပမယ့် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာ ခံကို တက်ရောက်မှာဖြစ်ပေမယ့် အဆိုပြုချက်တွေ တင်သွင်းနိုင်မှာမဟုတ်သလို ညီလာခံသဘော တူချက်တွေကိုလည်း လက်မှတ်ရေးထိုးနိုင်မှာမဟုတ်ဘူးလို့ ရှမ်းပြည်တပ်မတော်က ကြေညာပါတယ်။ မနေ့က ရှမ်းပြည်တပ်မတော်ဌာနချုပ်မှာ ကျင်းပသွားတဲ့ ၅၉ နှစ်မြောက် ရှမ်းအမျိုးသားတော်လှန်ရေးနေ့ ထုတ်ပြန်ကြေညာချက်မှာ ခုလို ထည့်သွင်းဖော်ပြသွားတာပါ။ ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံမှာ ရှမ်းတိုင်းရင်းသားအားလုံးရဲ့ ကိုယ်စားပြုသဘောထားတွေ တင်ပြနိုင်မှာမဟုတ်ဘူးလို့ သူတို့အနေနဲ့ အဆိုပြုချက်မရှိသလို သဘောတူ လက်မှတ်ထိုးတဲ့ထဲမှာ ပါဝင်နိုင်ခြင်းမရှိတဲ့ အခက်အခဲကို ရှမ်းပြည်တော်မတော် (အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ)  ပြောခွင့်ရ ဒုဗိုလ်မှူးကြီးစိုင်းငင်းက ဒီဗွီဘီကို ပြောပါတယ်။ “ဒုတိယအကြိမ် ၂၁ ရာစု ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ကျနော်တို့ကြိုဆိုပါတယ်။ ဒါပေမယ့်  ကျနော်တို့ ရှမ်းလူမျိုးအမျိုးသားဆင့် နိုင်ငံရေးဆွေးနွေးပွဲက ခုထိမကျင်းပရသေးတော့ ရှမ်းလူမျိုးတွေရဲ့ အသံနဲ့ သဘောဆန္ဒတွေ မစုစည်းနိုင်သေးဘူးဖြစ်နေတယ်၊  ဒါကြောင့် ရှမ်းပြည်သူကိုယ်စားပြု ဘာအဆိုပြုချက်မှ တင်သွင်းနိုင်မှာမဟုတ်သလို  ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံဆွေးနွေးပွဲမှာလည်း ရှမ်းပြည်သူတွေရဲ့ သဘောထား မပါဝင်သေးတဲ့အတွက် ညီလာခံကနေ ပြည်ထောင်စုသဘောတူစာချုပ်ရဲ့ အစိတ်အပိုင်း တခုအဖြစ် ချုပ်ဆိုတဲ့အခါ ပါဝင်လက်မှတ်ထိုးနိုင်မှာ မဟုတ်ပါဘူး။” ရှမ်းလူမျိုးအလိုက် အမျိုးသားဆင့်နိုင်ငံရေးဆွေးနွေးပွဲကို အာစီအက်စ်အက်စ်/အက်စ်အက်စ်အေက ဦးဆောင်ကာ တောင်ကြီး သို့မဟုတ် ပင်လုံမှာ ကျင်းပဖို့ တောင်းဆိုထားပြီး မြန်မာ့တပ်မတော်ဘက်က သဘောမတူဘဲ အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ ထိန်းချုပ်နယ်မြေမှာဘဲ ခွင့်ပြုခဲ့တာကြောင့် ခုထိ မကျင်းပနိုင်သေးဘဲ ဖြစ်နေတာပါ။ လူမျိုးအလိုက် အမျိုးသားဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ရှမ်းရော၊ ရခိုင်မှာပါ ကျင်းပနိုင်ခဲ့ခြင်းမရှိသလို အန်စီအေလက်မှတ်မထိုးရသေးတဲ့  အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလည်း ကျန်ရှိနေသေးတဲ့အတွက် ညီလာခံက ထွက်လာမယ့် ရလဒ်တွေ၊ သဘောတူချက်တွေဟာလည်း ပြည်ထောင်စုကြီးတစ်ခုလုံးကို ကိုယ်စားပြုနိုင်မှာမဟုတ်ဘူးလို့  ဒုဗိုလ်မှူးကြီး စိုင်းငင်းက ပြောပါတယ်။ လွန်ခဲ့တဲ့ ၁၉၄၇ ခုနှစ်က တောင်တန်းနဲ့ပြည်မ ပူးပေါင်းပြီး အင်္ဂလိပ်ကိုလိုနီ လက်အောက်ကနေ လွတ်လပ်ရေးရယူဖို့အတွက် ပင်လုံစာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဒါပေမယ့် လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်း ပင်လုံစာချုပ်ပါ ကတိက၀တ်အတိုင်း မဆောင်ရွက်တဲ့အတွက် စ၀်နွဲ့ဆောယန္တဦးဆောင်တဲ့ ရှမ်းမျိုးချစ်လူငယ် ၃၀ လောက်က  ၁၉၅၈ ခုနှစ်က မိုင်းပန်မြို့နယ် တောတွင်းတနေရာမှာ ရှမ်းအမျိုးသားလက်နက်ကိုင်တတ်ာလှန်ရေးကို စတင်ခဲ့ပါတယ်။ Photo: Sai Nguen
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024