A d v e r t i s e m e n t With Us

ကနေဒါတွင် ပင်လယ်ဖျံကြီးက မိန်းကလေးငယ်တဦးကို ထိတ်လန့်ဖွယ် ရေထဲဆွဲချ (ရုပ်သံ)

ကနေဒါနိုင်ငံ ရစ်ခ်ျမွန်မြို့က ဆိပ်ခံတံတားမှာ ပင်လယ်ဖျံတကောင်က ကုန်းပတ်အစွန်းမှာ ထိုင်နေတဲ့ မိန်းကလေးငယ်ကို သူ့ရဲ့နှုတ်သီးနဲ့ ရုတ်တရက်လှမ်းဆွဲပြီး ရေထဲကို ဆွဲချလိုက်တဲ့ ထိတ်လန့်စရာဖြစ်ရပ် ဖြစ်ပျက်ခဲ့ပါတယ်။ မိန်းကလေးငယ်ကို ပင်လယ်ဖျံကြီး ရေထဲဆွဲချသွားတာ၊ သူမနဲ့သူမရဲ့ မိသားစုက ပင်လယ်ဖျံကြီးရဲ့ ဒီလို ရုတ်တရက် တိုက်ခိုက်ခံခဲ့ရလို့ ကြောက်လန့်တုန်လှုပ်သွားတာကို ရုပ်သံထဲမှာ မြင်ရပါတယ်။ ရုပ်သံရဲ့မြင်ကွင်းမှာ ပင်လယ်ဖျံကြီး ရေကူးခတ်နေတာကို လူတွေက ပျော်ပျော်ရွှင်ရွှင် ဝိုင်းကြည့်နေပြီး ဖျံကြီးရဲ့လှုပ်ရှားမှုကို ရယ်မောနေတာနဲ့ စမြင်ရပါတယ်။ အဲ့ဒီလိုကြည့်နေကြစဉ် အချိန်တခုမှာ ပင်လယ်ဖျံကြီးက ဆိပ်ခံတံတားပေါ်က သူ့ကိုထိုင်ကြည့်နေတဲ့ ကောင်မလေးဆီကို ဦးတည်ပြီး ခုန်လိုက်ပါတယ်။ နောက်ထပ်ဘာဖြစ်မယ်ဆိုတာကို မသိလို့ အားလုံးက ရယ်ရယ်မောမောပဲ ရှိနေကြပါတယ်။ နောက်တကြိမ်မှာတော့ ဖျံကြီးက ရေပေါ်ခုန်တက် ဆိပ်ခံတံတားဘောင်ပေါ် ထိုင်နေတဲ့ ကောင်မလေးရဲ့ အဖြူရောင်ဂါဝန်ကို သူ့ပါးစပ်နဲ့ရုတ်တရက် ဆွဲလိုက်ပြီး ကောင်မလေးကို ရေထဲဆွဲချသွားပါတယ်။ ကောင်မလေးရဲ့ မိသားစုက ထိတ်လန့်တကြား အော်ဟစ်နေချိန်မှာ အမျိုးသားတဦးက ရဲရဲဝံ့ဝံ့ ရေထဲခုန်ဆင်းပြီး ကောင်မလေးကို ဆွဲဖမ်းကာ စက္ကန့်ပိုင်းအတွင်းမှာပဲ အသက်အန္တရာယ်ကင်းစွာ ခေါ်ဆောင်နိုင်ခဲ့ပါတယ်။ မိသားစုဝင်တွေ ရပ်ကြည့်သူတွေရဲ့အကူအညီနဲ့ နှစ်ဦးလုံး ရေထဲက ဆိပ်ခံတံတားပေါ် ပြန်တက်နိုင်ပြီး ဘယ်သူမှ ထိခိုက်ခြင်းမရှိဘူးလို့ သိရပါတယ်။ ပင်လယ်ဖျံတွေက များသောအားဖြင့် ကြောက်တတ်တဲ့ ရေသတ္တဝါတွေဖြစ်ပေမယ့် လူသားတွေကို တိုက်ခိုက်တတ်တယ်လို့ သိရပါတယ်။ ပင်လယ်ဖျံအထီးတွေက မိတ်လိုက်ချိန်မှာ ပိုပြီးရန်မူတတ်တယ်လို့ သိရကြောင်း မေရာရဲ့ မေလ ၂၁ ရက်နေ့သတင်းမှာ ရေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up