လူသတ်ဆိုင်ကယ်လုသူများကို ဖမ်းဆီးရာ ဓားဖြင့်ပြန်လည်ခုခံသဖြင့် ရဲက ပစ်ခတ်ဖမ်းဆီး
DVB
·
May 21, 2017
ဆိုင်ကယ်မောင်းနှင်သူအမျိုးသားကို ဓားနဲ့ခုတ်ကာ ဆိုင်ကယ်အား လုယက်ယူဆောင် သွားသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက ချက်ချင်းလိုက်လံဖမ်းဆီးစဉ် ဓားနဲ့ ပြန်လည်ခုခံရန်ပြုတာ ကြောင့် သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မေလ ၁၉ ရက်နေ့ ည ၁၁ နာရီလောက်က ဒဂုံမြို့သစ် (အရှေ့)မြို့နယ် (၁၁၈)ရပ်ကွက် ဦးမြူလမ်းပေါ်ရှိ ရထားသံလမ်းအနီးမှာ အမျိုးသားတဦး သွေးအိုင်ထဲမှာ လဲနေကြောင်း သတင်းရလို့ အုပ်ချုပ်ရေးမှူးနဲ့ ဒဂုံမြို့သစ်(အရှေ့) မြို့မရဲစခန်း တပ်ဖွဲ့ဝင်တွေ အခင်းဖြစ်ရာ နေရာကို သွားရောက်စစ်ဆေးခဲ့ရာ ဆိုင်ကယ်ကယ်ရီမောင်းသူ နေမျိုးထွန်းဟာ သွေးအိုင်ထဲမှာ ဘေးတစောင်းအနေအထားနဲ့ လဲကျနေတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။
နေမျိုးထွန်းနဲ့အတူဆိုင်ကယ်စီးလာသူ အမျိုးသားကို မေးမြန်းခဲ့ရာ အမည်မသိအမျိုးသား ၃ ဦးက ဆိုင်ကယ်ကိုတားကာ ဓားနဲ့ ခုတ်ပြီး Wave-110 ဆိုင်ကယ်လုယူ မောင်းနှင်ထွက်ပြေး တာလို့ ပြောပါတယ်။
ဒဂုံမြို့သစ်(အရှေ့)မြို့မရဲစခန်း (ပ)၄၀၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ နဲ့ အမှုဖွင့်ကာ ဆိုင်ကယ်လုယူသွားသူတွေကို ရှာဖွေဖမ်းဆီးခဲ့ရာ ပြစ်မှုကျူးလွန်ရာမှာပါဝင်သူတဲပ သန့်ဇင်ဦး ၃၄ နှစ်ကို မေ ၁၉ ရက် ည ၁၁ နာရီ ၅၀ မိနစ်မှာ ဒဂုံမြို့သစ်(အရှေ့)မြို့နယ်၊ (၁၃၃)ရပ်ကွက်၊ မင်းရဲကျော်စွာ လမ်းနှင့် မောရ၀တီလမ်းထောင့်မှာ တွေ့ရှိဖမ်းဆီးစဉ် ရဲတပ်ဖွဲ့ဝင်တွေကို ဓားနဲ့ ခုခံတဲ့အတွက် သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရတာလို့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။
ပြစ်မှုကျူးလွန်ရာမှာ ပါဝင်တဲ့ ဟိန်းထက်ကို (၂၁) နှစ်ကိုတော့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က မေ ၂၀ ရက်နေ့ မနက် ၉ နာရီခွဲမှာ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ (၆၉) ရပ်ကွက်နေအိမ်မှာ ဖမ်းဆီးမိကြောင်း၊ ဖမ်းဆီးရမိသူ ၂ ဦးကို ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးဆောင်ရွက်နေပြီး ပြစ်မှုကျူးလွန်ရာမှာ ပါဝင်တဲ့ လွတ်မြောက်နေသူ ၁ ဦးကို ပိတ်ဆို့ရှာဖွေနေတယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိသူ နေမျိုးထွန်းကတော့ မြောက်ဥက္ကလာပ ဆေးရုံကို ပို့ဆောင် ဆေးကုသမှုခံ ယူနေစဉ် မေ ၁၉ ရက် ည ၁၁ နာရီ ၄၅ မိနစ်လောက်မှာ သေဆုံးသွားကြောင်း သိရပါတယ်။
ဓာတ်ပုံ - Yangon Police