မေလ ၁၉ ရက် ညနေ ၅ နာရီခွဲလောက်က တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် ပြည်မြို့နယ် ဝက်ထီးကန်မြို့ပတ်ဝန်းကျင်က အိမ်တချို့လဲပြိုခဲ့ပြီး လူ ၁ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရှိခဲ့ပါတယ်။
“လေကမဲမဲအလုံးကြီး နဲ့ အတူဝင်လာပြီးတော့ အိမ်ကို တွန်းချလိုက်သလို ခဏလေး အတွင်းမှာဖြစ်သွားတာ။ အိမ်တိုင်အောက်မှာ ကလေးတို့အဖေကို ပိနေလို့ သားလုပ်သူက သွားပွေ့ရင်း သူပါ ခါးကိုထိခိုက်ပြီး အခုဆေးရုံတင်ထားရတယ်။ ကလေးတို့အဖေကတော့ သေဆုံးသွားတယ်” လို့ သေဆုံးသူရဲ့ အမျိုးသမီးက ဒီဗွီဘီကို ပြောပါတယ်။
မနေ့က တိုက်ခတ်ခဲ့တဲ့လေကြောင့် ပြည်မြို့နယ်ရှိ အနီးပတ်ဝန်းကျင်က ကျေးရွာ အချို့မှာလည်း နေအိမ်၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ ဘုရားစေတီအချို့ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူနဲ့ဒဏ်ရာရှိသူတွေက ဝက်ထီးကန်မြို့ ရွာမရပ်ကွက်ထဲက အိမ်ပြိုကျရာမှာ အိမ်ပိပြီး ဖခင် သေဆုံးခဲ့ပြီး သားဖြစ်သူက ဒဏ်ရာရှိခဲ့တာပါ။
မင်းညို