အမေရိကန်နိုင်ငံ၏ ရန်လိုသည့်မူဝါဒ ကို လျှော့ချသင့်ကြောင်း မြောက်ကိုရီးယားပြော

543
အမေရိကန်နိုင်ငံအနေနဲ့ ဆွေးနွေးပွဲမစတင်ခင် မြောက်ကိုရီးယားနိုင်ငံအပေါ် ရန်လိုတဲ့မူဝါဒကို အရင်လျှော့ချသင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားဒုသံအမတ်ကြီးက ပြောကြားလိုက်ပါတယ်။
“အားလုံးသိကြတဲ့အတိုင်း အမေရိကန်ဘက်က တွေ့ဆုံဆွေးနွေးမယ့်အနေအထား ရှိနေပါတယ်။ ဒါပေမယ့် အရေးကြီးတာက စကားလုံးတွေ မဟုတ်ဘူး၊ အပြုအမူတွေပါ” လို့ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား ဒုတိယ သံအမတ်ကြီး ကင်မ်အင်ရွန်းက မေလ ၁၉ ရက်နေ့က သတင်းထောက်တွေကို ပြောခဲ့တာပါ။
“ကိုရီးယားကျွန်းဆွယ်က ပြဿနာအားလုံးကို ဖြေရှင်းဖို့ မြောက်ကိုရီးယားအပေါ်ထားတဲ့ အမေရိကန်နိုင်ငံရဲ့ ရန်လိုတဲ့မူဝါဒကိုသာ လျှော့ချဖို့က အဓိကလိုအပ်ချက်ပါ။ ဒါကြောင့် ကျွန်းဆွယ်အရေး ပြေလည်ဖို့ဆိုရင် အရေးပေါ်လုပ်ဆောင်ရမယ့် ကဏ္ဍက ပြဿနာအားလုံးရဲ့ အရင်းအမြစ်ဖြစ်တဲ့ မြောက်ကိုရီးယားအပေါ် ထားတဲ့ အမေရိကန်ရဲ့ ရန်လိုတဲ့မူဝါဒကို လုံးဝအတိအကျ အဆုံးသတ်ဖို့ပဲ။”
ကုလသမဂ္ဂ ပိတ်ဆို့အရေးယူမှုရဲ့အောက်မှာ မြောက်ကိုရီးယားကို နိုင်ငံတွေအနေနဲ့ ဆိုဒီယမ်ဆိုင်ယာနိုက်ဒ် ထောက်ပံ့ခြင်း တားမြစ်ထားပြီး မြောက်ကိုရီးယားကလည်း ဓာတု ဇီဝလက်နက်တွေနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေအားလုံးကို လုံးဝစွန့်လွှတ်ရမှာ ဖြစ်ပါတယ်။