ဆေးရုံတင်ထားသည့် သူရဦးတင်ဦးကို ကျန်းမာရေးဝန်ကြီး လာရောက်ကြည့်ရှု (ရုပ်သံ)
DVB
·
May 19, 2017
ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုသကြပ်မတ်ဆောင်မှာ ဆေးကုသမှု ခံယူနေရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးရဲ့ ကျန်းမာရေးအခြေအနေကို ကျန်းမာရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဒီကနေ့ လာရောက်ကြည့်ရှုပါတယ်။
အသက် ၉၁ နှစ်အရွယ်ရှိ အန်အယ်လ်ဒီနာယက သူရဦးတင်ဦးဟာ မေ ၁၇ ရက်ညက နေအိမ်မှာ ချော်လဲသတိမေ့သွားတဲ့အတွက် ဆေးရုံတင်လိုက်ရတာ ဖြစ်ပါတယ်။
လက်ရှိ ဦးတင်ဦးရဲ့ ကျန်းမာရေး အခြေအနေဟာ တိုးတက်မှုရှိတဲ့အကြောင်းနဲ့ လေဖြတ်တာမဟုတ်တဲ့အကြောင်း ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာဦးအေးကိုကိုက ပြောပါတယ်။
သူ့ရဲ့ ကျန်းမာရေးအခြေအနေ အသေးစိတ်ကိုတော့ ဒီကနေ့ညနေ ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ရုံးခန်းမှာ ဆေးရုံတာဝန်ရှိသူတွေက မီဒီယာတွေကို သတင်းထုတ်ပြန်ပေးသွားဖို့ ရှိနေပါတယ်။
သူရဦးတင်ဦး ကျန်းမာရေးကောင်းမွန်လာစေဖို့အတွက် ရန်ကုန်၊ မန္တလေးနဲ့ တခြားနယ်မြို့တွေမှာ ဝန်ကြီးချုပ်တွေအပါအဝင် ပါတီဝင်တွေက ဆုတောင်းပွဲတွေ ကျင်းပနေပါတယ်။