နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးပိုစတာနဲ့အတူ အဖမ်းခံရပြီးနောက် ထိန်းသိမ်းခံနေရတဲ့ လူငယ်နှစ်ဦးကို ပြည်မြို့နယ် တရားရုံးကနေ ဒီကနေ့ ဒဏ်ငွေဆောင်ခိုင်းပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။

ကိုဇာနည်ထွန်းနှင့် ကိုဝေဖြိုးတို့ကို ဩဂုတ်လတုန်းက ပဲခူးတိုင်း ပြည်မြို့ အနီး အင်းမမြို့မှာ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ပိုစတာနဲ့ အတူ ဒေသခံ အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။
အဲဒီနောက် သူတို့ နှစ်ဦးစလုံးကို လိုင်စင်မဲ့ ဆိုင်ကယ်စီးနင်းမှု၊ တရားမဝင် ပုံနှိပ်ထုတ်ဝေရေး ဥပဒေတို့နဲ့ စွဲချက်တင်ထားတာပြီး၊ ဒီနေ့ တရားခွင့်မှာ ထောင်ဒဏ် ၃ လ သို့မဟုတ် ဒဏ်ငွေ ၃ သောင်း ချမှတ်လိုက်တယ်လို့ ဒဏ်ငွေဆောင်ပြီးနောက် ပြန်လွတ်လာတဲ့ ကိုဇာနည်ထွန်းက ပြောပါတယ်။
“ကျနော်တို့ကို အရင်တုန်းက ဥပဒေနဲ့ ဒဏ်ငွေ ၃ ထောင်ကနေ ၃ သောင်း အထိ အပြင်းဆုံးချလို့ရတယ်။ ၃ ထောင် ဖြစ်သော်လည်းကောင်း၊ ၃ သောင်း သော်လည်းကောင်း၊ ဒါမှမဟုတ် ၁ နှစ်ကနေ ၅ နှစ်ထိပေါ့။ ဒါပေမယ့် အခု ချလိုက်တာ ဒဏ်ငွေ ၃ သောင်း ဆောင်ရမယ်။ မဆောင်နိုင်ရင် ထောင် ၃ လပေါ့။ အဲလိုမျိုးချလိုက်တယ်။ ကျနော်တို့ ဒဏ်ငွေဆောင်လိုက်တယ်။ နိုင်ငံတနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးက အဓိကပေါ့။ မြန်မာနိုင်ငံမှာလည်း တရားဥပဒေက စစ်မှန်သော တရားဥပဒေစိုးမိုးရေး ဖြစ်လာတယ်လို့ ထင်တယ်။ ကျနော်တို့ရဲ့ စိတ်ကလည်း တကယ့်ယုံကြည်ချက် ခံယူချက်နဲ့ အကျဉ်းကျနေသူတွေကို လွတ်စေချင်လို့ လုပ်တာပေါ့။ အဲဒီအပေါ်မှာ ကျနော်တို့စေတနာ မေတ္တာကြောင့် ပြန်တုံ့ပြန်တယ်လို့ ထင်ပါတယ်။”
ကိုဇာနည်ထွန်းနဲ့ ကိုဝေဖြိုးတို့ဟာ ဖမ်းဆီးခံရချိန်ကနေ ပြန်လွတ်လာတဲ့ အထိ ၆ လနီးပါး ရဲစခန်းနဲ့ ပြည်ထောင်ကြီးချုပ်တို့မှာ အချုပ်ခံခဲ့ရပါတယ်။
ဒီနေ့ တရားခွင်ကို မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave) က လူငယ်တွေက သွားရောက် နားထောင်ခဲ့ကြပါတယ်။