Home
မြန်မာသတင်း
နန်းစီပွန်ကျေးရွာ ပစ်ခတ်မှုတွင် ဒဏ်ရာရသူများ ခန္တီးဆေးရုံကိုရောက်လာ (သတင်းဓာတ်ပုံ)
DVB
·
May 17, 2017
18557218_1798184970496418_8432701018996551861_n
18519840_1798185137163068_6127105546670066016_n
18519531_1798185050496410_5055965063234416174_n
18486393_1798185180496397_3218725188110705015_n
18485538_1798185013829747_6618241243011949540_n
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် ရတနာနယ်မြေ  နန်းစီပွန်ကျေးရွာမှာ ဒီနေ့မနက်က ကျောက်မျက်ရှာတဲ့ ရေမဆေးသမားတွေကို ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ရာမှာ  ရေမဆေးကျောက်သမား ၄ ဦးသေဆုံးပြီး ၁၁  ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာသူတွေဟာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ညနေ ၄ နာရီအထိ ခန္တီးဆေးရုံကို ၅ ဦးသာရောက်ရှိလာသေးပြီး ကျန်သူတွေ လာနေဆဲပဲလို့ အဲဒီကို ရောက်ရှိသတင်းယူနေတဲ့ ဒေသခံ သတင်းထောက် ကိုအောင်ဆန်းမြင့်က ပြောပါတယ်။ “အခုရောက်လာတဲ့လူနာတွေ ဒဏ်ရာရရှိတဲ့ ၅ ယောက်ကတော့ လည်ပင်းနဲ့ ခြေထောက်တွေ ဒဏ်ရာအများဆုံးရရှိတယ်။ တချို့ကတော့ နည်းနည်းစိုးရိမ်ရတဲ့ သူတယောက်တော့ ပါလာတယ်။ ညနေ ၄ နာရီကရောက်တယ်။ ကျန်တဲ့လူတွေလည်း နောက်ထပ်ထပ်ရောက်ဦးမယ်လို့ ကျနော်တို့သိရတယ်။” ရေမဆေးသမားတွေဟာ ဦးပိုင်ကုမ္ပဏီထဲ ၀င်ရောက်ရှာဖွေရင်း အခင်းဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ မနက် ၈ နာရီခန့်က ဦးပိုင်ကုမ္ပဏီက လှောင်ထားတဲ့ ဆီလှောင်ကန် ၃ ကန် မီးရှို့ဖျက်ဆီးခံရပြီးနောက် ရေမဆေးသမားတွေက အင်အား ၇၀၀ နဲ့ဝင်ရောက်ချိန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့လည်း ကိုအောင်ဆန်းမြင့်က ပြောပါတယ်။ “ကျနော်တို့ ကနဦးသတင်းအရ ဆီလှောင်ကန်ကို ရေမဆေးသမားတွေက မီးရှို့တယ်လို့ ပြောတယ်။ ရေမဆေးသမားတွေဘက်ကလည်း ကျနော့်ဆီဖုန်းဆက်တော့ ဆီလှောင်ကန်တွေ ပေါက်ကွဲသွားတယ်လို့ ပြောတယ်ဗျာ။ ” စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်က “ရဲကို မေးတော့ မပစ်ဘူးလို့ ပြောတာပဲ။ ငါတို့က ပစ်မိန့် မပေးသေးဘဲနဲ့ ။ ဘာမှ မပေးသေးဘဲနဲ့ ဥစ္စာကို၊  ငါတို့ အတိအကျကို မသိသေးဘူး။ ငါတို့ကတော့ မုံရွာမှာပဲ ရှိသေးတယ်။ တို့ကလည်း ဒီက သွားလို့ မရသေးဘူး။ ရဲကိုလည်း အကုန်လုံး သေချာမေးဖို့တော့ လုပ်ထားတယ်။ မသိရသေးဘူး။ အကုန်လုံး ပြတ်တောက်နေတယ်။ သူတို့အကုန်လုံးက တကယ့်ကို ဟိုမှာ ကစဥ့်ကလျား ဖရိုဖရဲ ဖြစ်နေတာကိုး။ တောင်ကြော မြေစာပုံတွေမှာရော တက်ပြီး တဲတွေ ဘာတွေထိုး ဆိုတော့ ပြဿနာက တနေ့မဟုတ် တနေ့ ဖြစ်တော့မှာပဲ။ အကုန်လုံး ဖယ်ရှားရမယ်။ နှစ်ခုလုံး ဖယ်ရှားရမယ်။ ကုမ္ပဏီတွေလည်း စစ်မယ်။ စစ်ပြီးရင်တော့ တို့က အဲဒါကို စွန့်ပစ်မြေစာပုံကို သေချာပုံခိုင်းမယ်။ သူတို့ကိုလည်း စနစ်တကျ စည်းကမ်းတကျ လုပ်ပေးမယ်။ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို သေချာလုပ်မယ်။”လို့ပြောပါတယ်။ နန်စီပွန်ဒေသမှာ ကျောက်တူးဖော်နေတဲ့ ကုမ္ပဏီ ၅ ခုလောက်ရှိပြီး၊ ရေမဆေး ကျောက်ရှာဖွေသူ ၂ ထောင်ကျော် ရှိပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာကတော့  ဦးပိုင်ကုမ္ပဏီပိုင် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ပြီး ရေမဆေးသမားတွေဟာ ဦးပိုင်ကုမ္ပဏီရဲ့မြေစာပုံ ကိုရှာခဲ့ရာ ကနေ ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ ဒေသခံလွှတ်တော်အမတ်က ပြောပါတယ်။ ခန္တီးမြို့နယ်  နန်စီပွန်လုပ်ကွက်နဲ့ မကျန် မှော်လုပ်ကွက်တွေထဲမှာ တရားမ၀င်ဝင်ေ ရာက်နေ သူတွေအားလုံး မေလ ၁၆ ရက်ကစပြီး မေလ ၃၀ ရက်နောက်ဆုံးထားပြီး ပြောင်းရွှေ့ထွက်ခွာကြဖို့ ပုဒ်မ ၁၄၃ အမိန့်ကို မြို့နယ်အုပ်ချုပ်ရေးမှူးက မေလ ၁၅ရက်နေ့က ထုတ်ပြန်ထားပါတယ်။ သတင်းဓာတ်ပုံ - အောင်ဆန်းမြင့်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024