၁၉၉၅ ခုမော်ဒယ် ခရီးသည်ယာဉ်များ ဇွန် ၂၀ ရက်နောက်ဆုံးမအပ်ပါက လိုင်စင်ပိတ်သိမ်းမည်
ပြည့်ဘုန်းအောင်
·
May 17, 2017
လက်ရှိ YBS ယာဉ်လိုင်းတွေမှာ ပြေးဆွဲနေတဲ့ ၁၉၉၅ ခုနှစ်မော်ဒယ် ခရီးသည်ယာဉ်တွေကို ဇွန်လ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး အပ်နှံဖို့နဲ့ မလိုက်နာပါက လုပ်ငန်းလိုင်စင် ပိတ်သိမ်းပြီး လူစီးစလစ် ထုတ်ယူခြင်းကိုပါ ပယ်ဖျက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ယာဉ်ပိုင်ရှင်တွေကို သတိပေး ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ YBS ယာဉ်လိုင်းများ အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွကွပ်မှု အာဏာပိုင် အဖွဲ့က ယာဉ်ပိုင်ရှင်တွေကို သတိပေး ညွှန်ကြားခဲ့တာပါ။
“လက်ရှိလိုင်းတွေထဲမှာ ပြေးဆွဲနေတဲ့ ၁၉၉၅ မော်ဒယ်ကားတွေကို ဇွန်လ ၂၀ ရက်နေ့ နောက်ဆုံးထား အပ်နှံပေးဖို့ ညွှန်ကြားခဲ့တယ်။ အပ်နှံပြီးရင် အဲဒီအစား အိမ်စီးကား စလစ်တွေြ0ပန်ထုတ်ပေးမယ် ပြောတယ်။ မလိုက်နာတဲ့ ယာဉ်လိုင်းတွေကိုတော့ လုပ်ငန်းလိုင်စင်ပိတ်မယ်။ CNG ထုတ်ယူခွင့် ပိတ်မယ် ပြောတယ်။
အဲဒီကားတွေနေရာမှာ အစိုးရအဖွဲ့က မှာထားတဲ့ကားတွေ လာရင် ပြန်အစားထိုးပေးမယ်လို့တော့ ပြောတယ်။ ဒါပေမယ့် ဘယ်လိုပုံစံနဲ့ ယာဉ်လိုင်းတွေမှာ ပြန်အစားထိုးပေးမယ် ဆိုတာတော့ အသေးစိတ် မပြောသွားပါဘူး” လို့ အမြင့်မြတ်ဆုံးအင်အား သယ်ယူပို့ဆောင်ရေး အများနဲ့ သက်ဆိုင်သောကုမ္ပဏီ ဒါရိုက်တာ ဦးအေးလွင်က ပြောပါတယ်။
လက်ရှိ ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းတွေထဲမှာ ၁၉၉၅ ခုနှစ်မော်ဒယ် ကားအစီးရေ ၁၅၀၀ ကျော်ရှိပြီး ဒီကားတွေနေရာမှာ အခြားကားတွေ အစားမထိုးနိုင်ပါက ယာဉ်အစီးရေ မလုံလောက်ဖြစ်ကာ ခရီးသည်တွေ အခက်အခဲ ဖြစ်နိုင်တယ်လို့ ယာဉ်လိုင်းပိုင်ရှင်တွေက ဆိုပါတယ်။