ပုံနှိပ်ထုတ်ဝေရေး ဥပဒေ ဘာလဲ ဘယ်လဲ
DVB
·
February 2, 2012
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀-၃၁ ရက်နေ့တွေက ရန်ကုန် အင်းလျားလိတ် ဟိုတယ်မှာ Media Development in Democratic Society လို့ နာမည်ပေးထားတဲ့ အလုပ်ရုံ ဆွေးနွေးပွဲတခု ပြုလုပ်ခဲ့ပါတယ်။ စင်ကာပူ အခြေစိုက် အာဆီယံ မီဒီယာ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးစင်တာ (AMIC) က ငွေကြေးနဲ့ အဆက်အသွယ် ကူညီပံ့ပိုးပြီး မြန်မာဘက်က စာပေနဲ့ စာနယ်ဇင်းအဖွဲ့က ကူညီ ကျင်းပတာပါ။
[caption id="attachment_20703" align="alignright" width="300" caption="မီဒီယာ အလုပ်ရုံဆွေးနွေးပွဲ"][/caption]
ဆွေးနွေးပွဲ ၂ ရက်မှာ မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး အကြောင်းအရာ အမျိုးမျိုး ဆွေးနွေးခဲ့ကြပေမယ့် တကယ့်တကယ် အားလုံး စိတ်ဝင်စားနေကြတာက လက်ရှိ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနကနေ မကြာခင် လွှတ်တော်ကိုတင်ပြီး ပြဋ္ဌာန်းဖို့ ကြိုးစားနေတဲ့ ပုံနှိပ်ရေးနဲ့ ထုတ်ဝေရေး ဥပဒေပါ။ ဒီ ဥပဒေဟာ ဘယ်လို ဥပဒေမျိုးလဲ၊ မြန်မာ့စာနယ်ဇင်းသမားတွေ ဘယ်လို သဘောထားနေကြသလဲ ဆိုတာ ခုဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာ မြန်မာစာနယ်ဇင်းသမားတွေက အများစုဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ကြတဲ့ စင်ကာပူ၊ မလေးရှား၊ အင်းဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ ပါကစ္စတန် စတဲ့ နိုင်ငံတွေက မီဒီယာသမားတွေ ကျွမ်းကျင်သူတွေလည်း တက်ရောက်ကြပါတယ်။ အိမ်နီးချင်းနိုင်ငံတွေက မီဒီယာသမားတွေအနေနဲ့ သူတို့နိုင်ငံက မီဒီယာလုပ်ငန်း အတွေ့အကြုံတွေ၊ ဥပဒေ ပြဋ္ဌာန်းပုံတွေအကြောင်း စာတမ်း စုစုပေါင်း ၈ စောင် တင်သွင်းဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံဘက်ကတော့ စာပေစိစစ် ဒုညွှန်ချုပ် ဦးတင့်ဆွေက Media Law ခေါ် မီဒီယာ ဥပဒေကြမ်း၊ သည်ဗွိုက်စ်ဂျာနယ်က ဇေယျာသူက မြန်မာမီဒီယာတွေရဲ့ အဆင့်အတန်း၊ အမေရိကန်နိုင်ငံ ဝါရှင်တန်အခြေစိုက် ဗွီအိုအေ မြန်မာပိုင်းအစီအစဉ် တာဝန်ခံ ဦးသန်းလွင်ထွန်းက ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ မီဒီယာရဲ့ အခန်းကဏ္ဍ စာတမ်း စတာတွေ ဆွေးနွေးသွားပါတယ်။
ဆွေးနွေးမှုအားလုံးနဲ့ ပတ်သက်ပြီး ခြုံငုံသုံးသပ်ရင် စာပေစိစစ်က ဦးတင့်ဆွေ တင်သွင်းတဲ့ မီဒီယာဥပဒေကိုပဲ လူတွေ အထူးစိတ်ဝင်စားခဲ့ကြပါတယ်။ ဒီစာတမ်းကို ဆွေးနွေးပွဲ ဆက်ရှင်-အေ မနက်ပိုင်းမှာ ဦးတင့်ဆွေ ဆွေးနွေးခဲ့ကြတာပါ။ သူ့စာတမ်းခေါင်းစဉ်က မီဒီယာ ဥပဒေ ဖြစ်ပေမယ့် တကယ့်တကယ် ပြန်ကြားရေးက တင်သွင်းအတည်ပြုဖို့ ကြိုးစားနေကြတာက ပုံနှိပ်နဲ့ ထုတ်ဝေရေး ဥပဒေ (The Printing Press and Publication) သာ ဖြစ်ပါတယ်။ သူ့စာတမ်းတခုလုံးမှာ မြန်မာနိုင်ငံက ပုံနှိပ်ဥပဒေ အဆင့်ဆင့် ပြောင်းလဲလာပုံအကြောင်း အကြမ်း ဖျဉ်းပါဝင်ပြီး ပုံနှိပ်ဥပဒေနဲ့ ပတ်သက်လို့ အခန်း (၁၀) ခန်းရဲ့ ခေါင်းစဉ်တွေလောက်ကိုပဲ ဖော်ပြထားပါတယ်။ ဒီခေါင်းစဉ်တွေရဲ့ အောက်မှာ ဘာအချက်အလက်တွေ ထည့်သွင်းထားတယ်ဆိုတာ မသိရသလို ၃၀ ရက်နေ့ ညနေပိုင်းနဲ့ ၃၁ ရက်နေ့တွေမှာ ကျင်းပတဲ့ အပြန်အလှန် ဆွေးနွေးငြင်းခုံ စကားဝိုင်းတွေမှာ စာတမ်းတင်သွင်းသူ ဦးတင့်ဆွေရော ပြန်ကြားရေးက အခြား တာဝန်ရှိသူ တစုံတယောက်မှ မရှိတာကြောင့် နောက်ထပ် ဘာတခုမှ မသိကြရတော့ပါဘူး။ ဒီအတွက် ခေါင်းစဉ်လောက်ပဲ သိတဲ့ ဒီဥပဒေကို ဆွေးနွေးရတာဟာ မျက်မမြင်ပုဏ္ဍား ၆ ယောက် ဆင်ကို စမ်းနေသလိုပဲ ဆိုပြီးတော့ ဂျာနယ်လစ်တွေက ဝေဖန်ကြပါတယ်။ သေခြာတာတခုကတော့ ဒီ ဥပဒေဟာ မီဒီယာ ဥပဒေ မဟုတ်ဘဲ ပုံနှိပ်နဲ့ ထုတ်ဝေရေး ဥပဒေပဲ ဖြစ်ကြောင်း၊ ဒါကြောင့် အခြားမီဒီယာတွေဖြစ်တဲ့ ရေဒီယို၊ ရုပ်မြင်သံကြား စတာတွေကိုတော့ ခုလိုပဲ ဆက်ပြီး တင်းတင်းကျပ်ကျပ် ထိန်းချုပ်သွားမယ်ဆိုတာ သေချာနေကြောင်း ဦးတင့်ဆွေ ကိုယ်တိုင်ရဲ့ ဖြေကြားချက်တခုကနေတဆင့် မီဒီယာသမားတွေ သိလိုက်ကြရပါတယ်။
အဓိက ဆွေးနွေးချက်တွေကတော့ ဒီ ဥပဒေကို စိုးရိမ်ပူပန်တာပါ။ ပြန်ကြားရေးဝန်ကြီးဌာနဟာ ဒီ ဥပဒေကို ဘာရည်ရွယ်ချက်နဲ့ ပြဋ္ဌာန်းဖို့ ကြိုးစားတာလဲ၊ ပြည်တွင်းက သတင်းသမားတွေ လွတ်လွတ်လပ်လပ် အလုပ်လုပ်နိုင်ရေးလား၊ သတင်းလုပ်ငန်းလုပ်ကိုင်ရာမှာ အကာအကွယ် ရလာရေးလား၊ ဒါမှမဟုတ် ဖျက်သိမ်းမယ့် စာပေစိစစ်ရေးအဖွဲ့ကို နာမည်တခု ပြောင်းပြီး သတင်းပုံနှိပ်ထုတ်ဝေရေး လောကကို ဆက်ပြီး ချုပ်ကိုင်ထားဖို့လား ဆိုပြီး မေးခွန်းထုတ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဥပဒေပါ အခန်းခေါင်းစဉ်တွေကို ကြည့်ရုံနဲ့ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနဟာ ပုံစံတမျိုးပြောင်းပြီး သတင်းထုတ်ဝေရေး လောကကို ထိန်းချုပ်ဖို့ ကြိုးစားတာပဲ တွေ့ရတယ် ဆိုပြီး ပြောဆိုကြပါတယ်။
ဥပမာအားဖြင့် အဲဒီဥပဒေ အခန်း ၅ မှာ ပုံနှိပ်သူတွေ၊ ထုတ်ဝေသူတွေနဲ့ ဖြန့်ချီရေးသမားတွေ မှတ်ပုံတင်ဖို့ ဆိုတဲ့ ခေါင်းစဉ်ပါပါတယ်။ ဒါဟာ အရင် ခေတ်အဆက်ဆက်က ရှိခဲ့ဖူးတဲ့ ပုံနှိပ်သူနဲ့ ထုတ်ဝေသူတွေသာ မှတ်ပုံတင်နေရာကနေ စာအုပ် ဖြန့်ဖြူးရောင်းချတဲ့ စာအုပ်ဆိုင်တွေ၊ ဖြန့်ဖြူးရေး လုပ်ငန်း လုပ်ကိုင်နေသူတွေပါ မှတ်ပုံတင် ခွင့်ပြုချက်ရမှ လုပ်ကိုင်ရတော့မယ်၊ ပြဿနာ တစုံတရာ ဖြစ်လာရင် အရေးယူခံရမယ့် သူတွေအထဲမှာ ဖြန့်ချိရေးသမားတွေပါ ပါဝင်တော့မယ် ဆိုတာကို ပြနေတာပဲ ဖြစ်ပါတယ်။ ဒါဟာ အရင် ရှိခဲ့ပြီးသား ဥပဒေထက် ပိုဆိုးတဲ့ အချက်ဖြစ်ကြောင်း ဂျာနယ်လစ် အများစုက ထင်မြင်ချက်ပေးကြပါတယ်။
တကယ်ဆို အင်ဒိုနီးရှား အပါအဝင် အိမ်နီးချင်းနိုင်ငံ အတော်များများမှာ ပုံနှိပ်ထုတ်ဝေမှုအတွက် ဘယ်သူ့ဆီမှာမှ မှတ်ပုံတင် လိုင်စင် လျှောက်ထားစရာ မလိုသလို ခွင့်ပြုချက် ယူစရာလည်း မလိုပါဘူး။ ပြန်ကြားရေးဌာန ဥပဒေမှာတော့ အဲဒီအချက်ကို ဆက်ပြီး ထည့်သွင်းထားတာမို့ ဒါဟာလည်း မထုတ်ဝေခင်ကတည်းက စိစစ်ခြင်း၊ တနည်းအားဖြင့် ဆင်ဆာ ရှိနေပြီဆိုတဲ့ သဘောဖြစ်ကြောင်း အားလုံးက နားလည်ကြပါတယ်။
နောက်တချက်ကတော့ အခန်းနံပါတ် ၄ ခေါင်းစဉ်မှာ Press Council လို အဖွဲ့မျိုး ဖွဲ့စည်းဖို့ ထည့်သွင်းထားပါတယ်။ ခေါင်းစဉ်ပဲ တွေ့ရတဲ့အတွက် ဒီကောင်စီကို ဘယ်လိုလူတွေနဲ့ ဖွဲ့စည်းမယ်၊ အဲဒီလူတွေကို ဘယ်သူတွေက ရွေးချယ်မယ်၊ အဲဒီ အဖွဲ့ရဲ့ လုပ်ပိုင်ခွင့်က ဘယ်လောက်အထိ ရှိမယ် စသဖြင့် ဘယ်သူကမှ မသိကြရပါဘူး။ ဒါပေမယ့် ဆွေးနွေးပွဲ ဆက်ရှင်တခုမှာ နိုင်ငံတော် သမ္မတ အကြံပေး ဦးကိုကိုလှိုင်က ဒီ ကောင်စီမှာ ပါဝင်သင့်တဲ့ အရည်အတွက်၊ ပါဝင်သင့်တဲ့ သတင်းလုပ်ငန်း လုပ်ကိုင်သူဦးရေ စတာတွေကို ရှင်းလင်း ပြောဆိုနိုင်တဲ့အတွက် ဒီအဖွဲ့ဟာ စာနယ်ဇင်းသမားတွေက လွတ်လွတ်လပ်လပ် ရွေးကောက် တင်မြှောက်ထားသူတွေနဲ့ ဖွဲ့စည်းဖို့ ထည့်သွင်းထားမှာ မဟုတ်ဘူးဆိုတာ အတော် ရှင်းလင်းသွားပါတယ်။
ခြုံပြီးပြောရရင် ဆွေးနွေးပွဲ ၂ ရက်မှာ ပြန်ကြားရေးဝန်ကြီးဌာနဟာ ကာယကံရှင် စာနယ်ဇင်းသမားတွေနဲ့ ညှိနှိုင်းတိုင်ပင်တာ လုံးဝမရှိဘဲ ကိုယ့်ဘာသာကိုယ် လျှို့ဝှက် ရေးဆွဲပြီး လွှတ်တော်တင်ဖို့ ကြိုးစားနေတဲ့ ဒီ ပုံနှိပ်နဲ့ ထုတ်ဝေရေး ဥပဒေကို အကောင်းမြင်သူ လုံးဝ မရှိသလောက် ဖြစ်နေတာ တွေ့ရပါတယ်။ ဒီအတွက် ပြန်ကြားရေးဝန်ကြီးဌာနဟာ ဒီမိုကရေစီ နိုင်ငံတော်သစ်ကို သွားမယ်လို့ စိတ်ဆန္ဒရှိတယ်ဆိုရင် လက်ရှိ ရှေ့နေချုပ်ရုံးကို ရောက်နေတယ်ဆိုတဲ့ ဥပဒေမူကြမ်းကို စာနယ်ဇင်းသမားတွေကို ချပြ အကြံဥာဏ်တောင်းခံပြီးမှ လွှတ်တော်ကိုတင်ဖို့ အချိန်မနှောင်းသေးပါကြောင်း အကြံပေး တင်ပြလိုက်ရပါတယ်။