DVB Logo
Home
သုံးသပျခကျြ
ပုံနှိပ်ထုတ်​ဝေ​ရေး​ ဥပ​ဒေ ဘာလဲ ဘယ်လဲ
DVB
·
February 2, 2012
ပုံနှိပ်ထုတ်​ဝေ​ရေး​ ဥပ​ဒေ ဘာလဲ ဘယ်လဲ
Donate to DVB

ပြီး​ခဲ့​တဲ့​ ဇန်နဝါရီ ၃၀-၃၁ ရက်​နေ့​တွေက ရန်ကုန် အင်း​လျား​လိတ် ဟိုတယ်မှာ Media Development in Democratic Society လို့​ နာမည်​ပေး​ထား​တဲ့​ အလုပ်ရုံ ​ဆွေး​နွေး​ပွဲတခု ပြုလုပ်ခဲ့​ပါတယ်။ စင်ကာပူ အ​ခြေစိုက် အာဆီယံ မီဒီယာ သတင်း​အချက်အလက်နဲ့​ ဆက်သွယ်​ရေး​စင်တာ (AMIC) က ​ငွေ​ကြေး​နဲ့​ အဆက်အသွယ် ကူညီပံ့​ပိုး​ပြီး​ မြန်မာဘက်က စာ​ပေနဲ့​ စာနယ်ဇင်း​အဖွဲ့​က ကူညီ ကျင်း​ပတာပါ။

[caption id="attachment_20703" align="alignright" width="300" caption="မီဒီယာ အလုပ်ရုံဆွေးနွေးပွဲ"][/caption]

ဆွေး​နွေး​ပွဲ ၂ ရက်မှာ မီဒီယာ ဖွံ့​ဖြိုး​တိုး​တက်​ရေး​နဲ့​ ပတ်သက်ပြီး​ အ​ကြောင်း​အရာ အမျိုး​မျိုး​ ​ဆွေး​နွေး​ခဲ့​ကြ​ပေမယ့်​ တကယ့်​တကယ် အား​လုံး​ စိတ်ဝင်စား​နေကြတာက လက်ရှိ အစိုး​ရ ပြန်ကြား​ရေး​ဝန်ကြီး​ဌာနက​နေ မကြာခင် လွှတ်​တော်ကိုတင်ပြီး​ ပြဋ္ဌာန်း​ဖို့​ ကြိုး​စား​နေတဲ့​ ပုံနှိပ်​ရေး​နဲ့​ ထုတ်​ဝေ​ရေး​ ဥပ​ဒေပါ။ ဒီ ဥပ​ဒေဟာ ဘယ်လို ဥပ​ဒေမျိုး​လဲ၊​ မြန်မာ့​စာနယ်ဇင်း​သမား​တွေ ဘယ်လို သ​ဘောထား​နေကြသလဲ ဆိုတာ ခု​ဆွေး​နွေး​တင်ပြသွား​မှာ ဖြစ်ပါတယ်။

ဆွေး​နွေး​ပွဲမှာ မြန်မာစာနယ်ဇင်း​သမား​တွေက အများ​စုဖြစ်ပြီး​ အိမ်နီး​ချင်း​နိုင်ငံ​တွေ ဖြစ်ကြတဲ့​ စင်ကာပူ၊​ မ​လေး​ရှား​၊​ အင်း​ဒိုနီး​ရှား​၊​ ထိုင်း​၊​ ဖိလစ်ပိုင်၊​ သီရိလင်္ကာ၊​ ပါကစ္စတန် စတဲ့​ နိုင်ငံ​တွေက မီဒီယာသမား​တွေ ကျွမ်း​ကျင်သူ​တွေလည်း​ တက်​ရောက်ကြပါတယ်။ အိမ်နီး​ချင်း​နိုင်ငံ​တွေက မီဒီယာသမား​တွေအ​နေနဲ့​ သူတို့​နိုင်ငံက မီဒီယာလုပ်ငန်း​ အ​တွေ့​အကြုံ​တွေ၊​ ဥပ​ဒေ ပြဋ္ဌာန်း​ပုံ​တွေအ​ကြောင်း​ စာတမ်း​ စုစု​ပေါင်း​ ၈ ​စောင် တင်သွင်း​ဆွေး​နွေး​ခဲ့​ပါတယ်။ မြန်မာနိုင်ငံဘက်က​တော့​ စာ​ပေစိစစ် ဒုညွှန်ချုပ် ဦး​တင့်​ဆွေက Media Law ​ခေါ် မီဒီယာ ဥပ​ဒေကြမ်း​၊​ သည်ဗွိုက်စ်ဂျာနယ်က ​ဇေယျာသူက မြန်မာမီဒီယာ​တွေရဲ့​ အဆင့်​အတန်း​၊​ အ​မေရိကန်နိုင်ငံ ဝါရှင်တန်အ​ခြေစိုက် ဗွီအို​အေ မြန်မာပိုင်း​အစီအစဉ် တာဝန်ခံ ဦး​သန်း​လွင်ထွန်း​က ငြိမ်း​ချမ်း​ရေး​တည်​ဆောက်ရာမှာ မီဒီယာရဲ့​ အခန်း​ကဏ္ဍ စာတမ်း​ စတာ​တွေ ​ဆွေး​နွေး​သွား​ပါတယ်။

ဆွေး​နွေး​မှုအား​လုံး​နဲ့​ ပတ်သက်ပြီး​ ခြုံငုံသုံး​သပ်ရင် စာ​ပေစိစစ်က ဦး​တင့်​ဆွေ တင်သွင်း​တဲ့​ မီဒီယာဥပ​ဒေကိုပဲ လူ​တွေ အထူး​စိတ်ဝင်စား​ခဲ့​ကြပါတယ်။ ဒီစာတမ်း​ကို ​ဆွေး​နွေး​ပွဲ ဆက်ရှင်-​အေ မနက်ပိုင်း​မှာ ဦး​တင့်​ဆွေ ​ဆွေး​နွေး​ခဲ့​ကြတာပါ။ သူ့​စာတမ်း​ခေါင်း​စဉ်က မီဒီယာ ဥပ​ဒေ ဖြစ်​ပေမယ့်​ တကယ့်​တကယ် ပြန်ကြား​ရေး​က တင်သွင်း​အတည်ပြုဖို့​ ကြိုး​စား​နေကြတာက ပုံနှိပ်နဲ့​ ထုတ်​ဝေ​ရေး​ ဥပ​ဒေ (The Printing Press and Publication) သာ ဖြစ်ပါတယ်။ သူ့​စာတမ်း​တခုလုံး​မှာ မြန်မာနိုင်ငံက ပုံနှိပ်ဥပ​ဒေ အဆင့်​ဆင့်​ ​ပြောင်း​လဲလာပုံအ​ကြောင်း​ အကြမ်း​ ဖျဉ်း​ပါဝင်ပြီး​ ပုံနှိပ်ဥပ​ဒေနဲ့​ ပတ်သက်လို့​ အခန်း​ (၁၀) ခန်း​ရဲ့​ ​ခေါင်း​စဉ်​တွေ​လောက်ကိုပဲ ​ဖော်ပြထား​ပါတယ်။ ဒီ​ခေါင်း​စဉ်​တွေရဲ့​ ​အောက်မှာ ဘာအချက်အလက်​တွေ ထည့်​သွင်း​ထား​တယ်ဆိုတာ မသိရသလို ၃၀ ရက်​နေ့​ ည​နေပိုင်း​နဲ့​ ၃၁ ရက်​နေ့​တွေမှာ ကျင်း​ပတဲ့​ အပြန်အလှန် ​ဆွေး​နွေး​ငြင်း​ခုံ စကား​ဝိုင်း​တွေမှာ စာတမ်း​တင်သွင်း​သူ ဦး​တင့်​ဆွေ​ရော ပြန်ကြား​ရေး​က အခြား​ တာဝန်ရှိသူ တစုံတ​ယောက်မှ မရှိတာ​ကြောင့်​ ​နောက်ထပ် ဘာတခုမှ မသိကြရ​တော့​ပါဘူး​။ ဒီအတွက် ​ခေါင်း​စဉ်​လောက်ပဲ သိတဲ့​ ဒီဥပ​ဒေကို ​ဆွေး​နွေး​ရတာဟာ မျက်မမြင်ပုဏ္ဍား​ ၆ ​ယောက် ဆင်ကို စမ်း​နေသလိုပဲ ဆိုပြီး​တော့​ ဂျာနယ်လစ်​တွေက ​ဝေဖန်ကြပါတယ်။ ​သေခြာတာတခုက​တော့​ ဒီ ဥပ​ဒေဟာ မီဒီယာ ဥပ​ဒေ မဟုတ်ဘဲ ပုံနှိပ်နဲ့​ ထုတ်​ဝေ​ရေး​ ဥပ​ဒေပဲ ဖြစ်​ကြောင်း​၊​ ဒါ​ကြောင့်​ အခြား​မီဒီယာ​တွေဖြစ်တဲ့​ ​ရေဒီယို၊​ ရုပ်မြင်သံကြား​ စတာ​တွေကို​တော့​ ခုလိုပဲ ဆက်ပြီး​ တင်း​တင်း​ကျပ်ကျပ် ထိန်း​ချုပ်သွား​မယ်ဆိုတာ ​သေချာ​နေ​ကြောင်း​ ဦး​တင့်​ဆွေ ကိုယ်တိုင်ရဲ့​ ​ဖြေကြား​ချက်တခုက​နေတဆင့်​ မီဒီယာသမား​တွေ သိလိုက်ကြရပါတယ်။

အဓိက ​ဆွေး​နွေး​ချက်​တွေက​တော့​ ဒီ ဥပ​ဒေကို စိုး​ရိမ်ပူပန်တာပါ။ ပြန်ကြား​ရေး​ဝန်ကြီး​ဌာနဟာ ဒီ ဥပ​ဒေကို ဘာရည်ရွယ်ချက်နဲ့​ ပြဋ္ဌာန်း​ဖို့​ ကြိုး​စား​တာလဲ၊​ ပြည်တွင်း​က သတင်း​သမား​တွေ လွတ်လွတ်လပ်လပ် အလုပ်လုပ်နိုင်​ရေး​လား​၊​ သတင်း​လုပ်ငန်း​လုပ်ကိုင်ရာမှာ အကာအကွယ် ရလာ​ရေး​လား​၊​ ဒါမှမဟုတ် ဖျက်သိမ်း​မယ့်​ စာ​ပေစိစစ်​ရေး​အဖွဲ့​ကို နာမည်တခု ​ပြောင်း​ပြီး​ သတင်း​ပုံနှိပ်ထုတ်​ဝေ​ရေး​ ​လောကကို ဆက်ပြီး​ ချုပ်ကိုင်ထား​ဖို့​လား​ ဆိုပြီး​ ​မေး​ခွန်း​ထုတ်ခဲ့​ကြပါတယ်။ ဒါ​ပေမယ့်​ ဥပ​ဒေပါ အခန်း​ခေါင်း​စဉ်​တွေကို ကြည့်​ရုံနဲ့​ အစိုး​ရ ပြန်ကြား​ရေး​ဝန်ကြီး​ဌာနဟာ ပုံစံတမျိုး​ပြောင်း​ပြီး​ သတင်း​ထုတ်​ဝေ​ရေး​ ​လောကကို ထိန်း​ချုပ်ဖို့​ ကြိုး​စား​တာပဲ ​တွေ့​ရတယ် ဆိုပြီး​ ​ပြောဆိုကြပါတယ်။

ဥပမာအား​ဖြင့်​ အဲဒီဥပ​ဒေ အခန်း​ ၅ မှာ ပုံနှိပ်သူ​တွေ၊​ ထုတ်​ဝေသူ​တွေနဲ့​ ဖြန့်​ချီ​ရေး​သမား​တွေ မှတ်ပုံတင်ဖို့​ ဆိုတဲ့​ ​ခေါင်း​စဉ်ပါပါတယ်။ ဒါဟာ အရင် ​ခေတ်အဆက်ဆက်က ရှိခဲ့​ဖူး​တဲ့​ ပုံနှိပ်သူနဲ့​ ထုတ်​ဝေသူ​တွေသာ မှတ်ပုံတင်​နေရာက​နေ စာအုပ် ဖြန့်​ဖြူး​ရောင်း​ချတဲ့​ စာအုပ်ဆိုင်​တွေ၊​ ဖြန့်​ဖြူး​ရေး​ လုပ်ငန်း​ လုပ်ကိုင်​နေသူ​တွေပါ မှတ်ပုံတင် ခွင့်​ပြုချက်ရမှ လုပ်ကိုင်ရ​တော့​မယ်၊​ ပြဿနာ တစုံတရာ ဖြစ်လာရင် အ​ရေး​ယူခံရမယ့်​ သူ​တွေအထဲမှာ ဖြန့်​ချိ​ရေး​သမား​တွေပါ ပါဝင်​တော့​မယ် ဆိုတာကို ပြ​နေတာပဲ ဖြစ်ပါတယ်။ ဒါဟာ အရင် ရှိခဲ့​ပြီး​သား​ ဥပ​ဒေထက် ပိုဆိုး​တဲ့​ အချက်ဖြစ်​ကြောင်း​ ဂျာနယ်လစ် အများ​စုက ထင်မြင်ချက်​ပေး​ကြပါတယ်။

တကယ်ဆို အင်ဒိုနီး​ရှား​ အပါအဝင် အိမ်နီး​ချင်း​နိုင်ငံ အ​တော်များ​များ​မှာ ပုံနှိပ်ထုတ်​ဝေမှုအတွက် ဘယ်သူ့​ဆီမှာမှ မှတ်ပုံတင် လိုင်စင် ​လျှောက်ထား​စရာ မလိုသလို ခွင့်​ပြုချက် ယူစရာလည်း​ မလိုပါဘူး​။ ပြန်ကြား​ရေး​ဌာန ဥပ​ဒေမှာ​တော့​ အဲဒီအချက်ကို ဆက်ပြီး​ ထည့်​သွင်း​ထား​တာမို့​ ဒါဟာလည်း​ မထုတ်​ဝေခင်ကတည်း​က စိစစ်ခြင်း​၊​ တနည်း​အား​ဖြင့်​ ဆင်ဆာ ရှိ​နေပြီဆိုတဲ့​ သ​ဘောဖြစ်​ကြောင်း​ အား​လုံး​က နား​လည်ကြပါတယ်။

နောက်တချက်က​တော့​ အခန်း​နံပါတ် ၄ ​ခေါင်း​စဉ်မှာ Press Council လို အဖွဲ့​မျိုး​ ဖွဲ့​စည်း​ဖို့​ ထည့်​သွင်း​ထား​ပါတယ်။ ​ခေါင်း​စဉ်ပဲ ​တွေ့​ရတဲ့​အတွက် ဒီ​ကောင်စီကို ဘယ်လိုလူ​တွေနဲ့​ ဖွဲ့​စည်း​မယ်၊​ အဲဒီလူ​တွေကို ဘယ်သူ​တွေက ​ရွေး​ချယ်မယ်၊​ အဲဒီ အဖွဲ့​ရဲ့​ လုပ်ပိုင်ခွင့်​က ဘယ်​လောက်အထိ ရှိမယ် စသဖြင့်​ ဘယ်သူကမှ မသိကြရပါဘူး​။ ဒါ​ပေမယ့်​ ​ဆွေး​နွေး​ပွဲ ဆက်ရှင်တခုမှာ နိုင်ငံ​တော် သမ္မတ အကြံ​ပေး​ ဦး​ကိုကိုလှိုင်က ဒီ ​ကောင်စီမှာ ပါဝင်သင့်​တဲ့​ အရည်အတွက်၊​ ပါဝင်သင့်​တဲ့​ သတင်း​လုပ်ငန်း​ လုပ်ကိုင်သူဦး​ရေ စတာ​တွေကို ရှင်း​လင်း​ ​ပြောဆိုနိုင်တဲ့​အတွက် ဒီအဖွဲ့​ဟာ စာနယ်ဇင်း​သမား​တွေက လွတ်လွတ်လပ်လပ် ​ရွေး​ကောက် တင်​မြှောက်ထား​သူ​တွေနဲ့​ ဖွဲ့​စည်း​ဖို့​ ထည့်​သွင်း​ထား​မှာ မဟုတ်ဘူး​ဆိုတာ အ​တော် ရှင်း​လင်း​သွား​ပါတယ်။

ခြုံပြီး​ပြောရရင် ​ဆွေး​နွေး​ပွဲ ၂ ရက်မှာ ပြန်ကြား​ရေး​ဝန်ကြီး​ဌာနဟာ ကာယကံရှင် စာနယ်ဇင်း​သမား​တွေနဲ့​ ညှိနှိုင်း​တိုင်ပင်တာ လုံး​ဝမရှိဘဲ ကိုယ့်​ဘာသာကိုယ် လျှို့​ဝှက် ​ရေး​ဆွဲပြီး​ လွှတ်​တော်တင်ဖို့​ ကြိုး​စား​နေတဲ့​ ဒီ ပုံနှိပ်နဲ့​ ထုတ်​ဝေ​ရေး​ ဥပ​ဒေကို အ​ကောင်း​မြင်သူ လုံး​ဝ မရှိသ​လောက် ဖြစ်​နေတာ ​တွေ့​ရပါတယ်။ ဒီအတွက် ပြန်ကြား​ရေး​ဝန်ကြီး​ဌာနဟာ ဒီမိုက​ရေစီ နိုင်ငံ​တော်သစ်ကို သွား​မယ်လို့​ စိတ်ဆန္ဒရှိတယ်ဆိုရင် လက်ရှိ ​ရှေ့​နေချုပ်ရုံး​ကို ​ရောက်​နေတယ်ဆိုတဲ့​ ဥပ​ဒေမူကြမ်း​ကို စာနယ်ဇင်း​သမား​တွေကို ချပြ အကြံဥာဏ်​တောင်း​ခံပြီး​မှ လွှတ်​တော်ကိုတင်ဖို့​ အချိန်မ​နှောင်း​သေး​ပါ​ကြောင်း​ အကြံ​ပေး​ တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013