ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် တရားဝင်ကော်မတီ မီဒီယာရှင်းလင်းပွဲကျင်းပ
DVB
·
February 1, 2012
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အထက်ဗမာပြည် တရားဝင်ဖွဲ့စည်းရေးကော်မတီကနေ ဒီကနေ့ သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
မန္တလေးမြို့ မစိုးရိမ်တိုက်သစ်ကျောင်းမှာ ပြုလုပ်တဲ့ အခမ်းအနားကို ခေတ်အဆက်ဆက်မှာ ပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်ဟောင်တွေနဲ့ ဒေသခံ သတင်းထောက်တွေ တက်ရောက်ခဲ့ကြပါတယ်။
နေ့လယ် ၁ နာရီလောက် ပြုလုပ်တဲ့အခမ်းအနားမှာ ကျောင်းသားခေါင်းဆောင်ဟောင်းတွေက မိန့်ခွန်းအသီးသီး ပြောခဲ့ကြပါတယ်။
အခမ်းအနားကို ဗကသများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီ၊ အထက်ဗမာပြည်က ကျောင်းသားသမဂ္ဂတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ စက်မှုတက္ကသိုလ်ကျောင်းသားများကွန်ရက်၊ ကသာခရိုင် ကျောင်းသားများသမဂ္ဂ၊ မထ္တီလာဝိဇ္ဖာသိပ္ပံကျောင်းသားများကွန်ရက်၊ မန္တလေးမြို့ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ မန္တလေး နည်ပညာတက္ကသိုလ်နဲ့ မန္တလေး ဆေးတက္ကသိုလ်တို့ကလည်း သဝဏ်လွှာများ ပေးပို့ ဖတ်ကြားပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီ အတွင်းရေးမှုး မဖြိုးဖြိုးအောင်က “သူတို့က သတင်းစာရှင်းလင်းပွဲမှာ ရှင်းရှင်းလင်းလင်း ပြောသွားပါတယ်။ သူတို့က ဗကသများ အဖွဲ့ချုပ် ကော်မတီ တရပ်အနေနဲ့ သူတို့ လုပ်ပေးမယ်။ သူတို့ အသက်အငယ်ဆုံးက အသက် ၃ဝကျော်နေပြီဆိုတော့ လက်ရှိကျောင်းသားတွေတော့ မဟုတ်ကြဘူးပေါ့နော်။ ဒါပေမယ့် နောက် ကျောင်းသားမျိုးဆက်တွေ အခုလက်ရှိ ကျောင်းတတ်နေတဲ့ ကျောင်းသားမျိုးဆက် ပေါ်ပေါက်လာဖို့အတွက် သူတို့အနေနဲ့ ကြားခံအဖွဲ့အစည်း တခုအနေနဲ့ ကျောင်းသားတွေပေါ်ပေါက်လာရေးအတွက် အလေးပေး လုပ်ဆောင်သွားမယ့်အကြောင်း ရှင်းရှင်းလင်းလင်း ပြောသွားပါတယ်။ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဗကသများအဖွဲ့ချူပ် ကျောင်းတွေ နယ်တွေက ကျောင်းတွေမှာ သမဂ္ဂတွေပေါ်ပေါက်လာရေး။ တနိုင်ငံလုံးမှာရှိတဲ့ ကျောင်းသားတွေအားလုံး ပါဝင်တဲ့ အထွေထွေညီလာခံကြီး တရပ် အမြန်ဆုံး ခေါ်ဆောင်နိုင်ရေးပါ။”
အထက်ဗမာပြည် ကျောင်းသားသမဂ္ဂများ ဖြစ်မြောက်ရေး ကော်မတီက ရှေ့ဆက်လုပ်သွားမှာနဲ့ ပတ်သက်ပြီး အဲဒီကော်မတီက ကိုအောင်မှိုင်းဆန်းက
“ရှေ့လုပ်ငန်းစဉ်တွေကတော့ ပထမတခုအနေနဲ့ ကျောင်းတွင်းလှုပ်ရှားမှုသမိုင်း ဗကသသမိုင်းနဲ့ ပတ်သက်ပြီးတော့မှ ကျောင်းသားတွေကြားထဲမှာ စိမ့်ဝင်ပျံ့နှံ့သွားအောင် ကျနော်တို့ဘက်ကနေ သမိုင်းတွေ စုဆောင်းမယ်။ ဖြန့်ဝေမယ်။ အခမ်းအနားတွေလုပ်ပြီး တတ်ရောက်စေပြီးတော့ ပြောကြားတာတွေလုပ်မယ်။ နောက် သမဂ္ဂအသီးသီးပေါ့။ ကျောင်းတွေမှာ သက်ဆိုင်ရာမှာ ကျနော်တို့ အထက်မြန်မာပြည်ဆိုတဲ့အတွက်ကြောင့်မို့လို့ သက်ဆိုင်ရာဒေသတွေက ခရိုင် သမဂ္ဂတွေ မြို့နယ် သမဂ္ဂတွေ အဲ့လို သမဂ္ဂတွေ အခြေခံအဆင့်ကနေ ဖွဲ့စည်းပေါ်ပေါက်လာအောင် ကျနော်တို့ နယ်အနှံ့ကိုသွားပြီးတော့ ဆက်သွယ်ဆောင်ရွက်မယ်။ သူတို့တွေနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ သူတို့ကိုယ်တိုင် သမဂ္ဂတွေ ထူထောင်လာအောင် ကျနော်တို့က လိုအပ်တာတွေ ပံ့ပိုးကူညီပေးသွားမယ်။ အဲ့ကနေ အဆင့်ဆင့် သူတို့ သမဂ္ဂတွေ ပေါ်လာပြီဆိုတဲ့အခါကျတော့ နိုင်ငံလုံးဆိုင်ရာညီလာခံကြီးတခု ကျင်းပနိုင်အောင် ကျနော်တို့ဘက်ကနေ လိုအပ်တာတွေ ပံ့ပိုးကူညီသွားမယ်။ ဒါကျနော်တို့ရဲ့ အမြင့်ဆုံး လောလောဆယ် ရည်မှန်းချက်ပါ။”
ကျောင်းသားသမဂ္ဂတရားဝင်ရေး ကျင်းပတာဟာ ပထမဦးဆုံး အကြိမ်ဖြစ်ပြီးတော့ မန္တလေး အာဏာပိုင်တွေက နှောင့်ယှက်တာ မရှိဘူးလို့ သိရပါတယ်။