မြန်မာပြည်တခုလုံးမှာ ချင်းပြည်နယ်က အခက်အခဲဆုံး၊ အဆင်းရဲဆုံး ဒေသပဲ
အေးနိုင်
·
February 1, 2012
ချင်းပြည်နယ်ရဲ့ လျှပ်စစ်မီးရရှိမှုဟာ မြို့တော် ဟားခါးမှာတောင် သုံးရက်ခြားတကြိမ် မီးလာပြီး တကြိမ်လာရင် ၃ နာရီပဲ ရရှိတဲ့အတွက် လျှပ်စစ်မီးကို အမှီပြုတဲ့ လုပ်ငန်းတွေ အခက်အခဲ ဖြစ်နေပါတယ်။ ဒီအကြောင်းအပါအဝင် ချင်းပြည်နယ်သားတွေရဲ့ အခြေအနေကို ဟားခါးမြို့မှာ နေထိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ချင်းပြည်နယ် ဥက္ကဋ္ဌ ဦးဗန်လျန်းကို မေးထားပါတယ်။
[caption id="attachment_20687" align="alignright" width="300" caption="ချင်းပြည်နယ် ကန်ပက်လက်မြို့"][/caption]
ကျန်တဲ့နေရာတွေမှာတော့ လျှပ်စစ်မီးမရတာတွေ အသံတွေထွက်တယ်။ လုပ်အားပေး ခိုင်းစေတာတွေလည်း အသံထွက်တယ်။ ချင်းပြည်နယ်မှာကော။
“ချင်းပြည်နယ်မှာလည်း ထိုနည်းလည်းကောင်းပဲ။”
ချင်းပြည်နယ် ဟားခါးမြို့ပေါ်မှာ တနေ့ကို ဘယ်နှနာရီ မီးလာလဲ။
“၆ နာရီခွဲကနေ ၉ နာရီခွဲထိပဲပေးတယ်။ ၂ ည ခြားပေးတယ်။ သုံးနာရီလောက် လာတယ်။ နောက်ဌာနဆိုင်ရာတွေက ဒီကနေ ကွန်ပျူတာသုံးတဲ့သူတွေဆီကလည်း အချိန်မှန်မီးမရလို့ ရုံးလုပ်ငန်းတွေလည်း အကုန်လုံးထိခိုက်တယ်။”
လျှပ်စစ်မီးကို အမှီပြုတဲ့လုပ်ငန်းတွေ ဘာတွေခေတ်နောက်ကျနေလဲ။
“ခေတ်နောက်ကျတယ်ဆိုတာ အခုကွန်ပျုတာ သုံးတဲ့လူတွေ၊ ကွန်ပျူတာနဲ့ အလုပ်လုပ်တဲ့ လူတွေ ထိခိုက်ကြတယ်။”
ဦးတို့ ဟားခါးမှာက အင်တာနက်ဆိုင် ဘယ်နှဆိုင်လောက် ရှိလဲ။
“အင်တာနက်ဆိုင် ၂ဝကျော်လောက်ရှိမယ်ထင်တယ်။ သိပ်တော့ မရေတွက်မိဘူး။”
အဲဒါတွေက တနေကုန် ဘယ်မီးတွေနဲ့ သုံးနေကြလဲ။
“သူတို့ အင်ဂျင်ထောင်ပြီးတော့ပဲ လုပ်နေကြတယ်။”
ပန်းပဲဖိုတွေ ဘာတွေကော ကျန်တဲ့လက်မှုလုပ်ငန်း၊ စက်မှုလုပ်ငန်းတွေကော ဘာတွေကြုံရလဲ။
“ပန်းပဲဖိုတွေကတော့ မီးသွေးနဲ့လုပ်တော့ မီးနဲ့လုပ်တဲ့သူ မရှိဘူး။ မီးသွေးနဲ့ပဲလုပ်ကြတယ်။”
ဒီဟာနဲ့ပတ်သက်ပြီးတော့ ချင်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်မှာ မတောင်းဆိုကြဘူးလား။
“လွှတ်တော်မှာ သူတို့တောင်းဆိုတယ်။ နောက် မဟာဓာတ်အားလိုင်း ဝင်တဲ့အခါကျရင် နေ့ရောညပါ ပေးမယ်ဆိုပြီး ဒါပဲဖြေတယ်။ မဟာဓာတ်အားလိုင်းကလည်း လာမယ်ဆိုပြီးတော့ ဘယ်တော့လာမလဲဆိုတာ စီမံကိန်းက အတိအကျ မရှိဘူး။ သူတို့လုပ်နိုင်တဲ့ပေါ်မှာပဲ မူတည်မယ်လို့ပြောတယ်။”
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က လျှပ်စစ်မီးနဲ့ ပတ်သက်ရင် တော်တော်လေးကို ခေတ်နောက်ကျနေတယ်။
“ရခိုင်နဲ့ ချင်းကတော့ အခက်အခဲဆုံး ဒေသဖြစ်နေတယ်။”
ရခိုင်မှာတော့ မီတာတယူနစ်ကို ၄၀၀ ကနေ ၅၀၀ ကြားပေါ့။ အဲ့လောက်ရှိနေတယ်။ ချင်းပြည်နယ်ဘက်မှာကော မီတာတယူနစ်က ဘယ်လောက်ဈေးရှိနေလဲ။
“မီတာတယူနစ်ကို အခု ဟားခါးမှာ ၃၅ ကျပ်၊ အပြင်ကမီးတွေ၊ ရပ်ကွက်မီးတွေကတော့ တော်တော်ကို ဆီဖိုးနဲ့ ဘာဖိုးနဲ့ ကာမိအောင်ဆိုပြီး သူတို့သင့်တော်သလိုပဲ ကောက်နေကြတယ်။ သတ်မှတ်ချက်မရှိဘူး။ မီးကပျက်တာမရှိဘူး။ လေး ငါး ဆယ်အိမ် တွဲပြီးတော့ မီးစက်ထောင်ပြီးတော့ ပေးတာပဲရှိတယ်။”
ကျောင်း ပညာရေးတွေ၊ ကျန်းမာရေးတွေကော ဘာတွေထူးလဲ။
“ကျန်းမာရေးတွေကတော့ အခု ဟားခါးမှာ စက်ယန္တရားတွေ မရှိတဲ့အခါကျတော့ တချို့လူနာတွေက ဖလမ်းမှာပဲ ဒေသခံတွေ ဘာတွေ တွဲရိုက်ခိုင်းတယ်။ ဟားခါးမှာ ဓာတ်မှန်တွေ မကောင်းဘူးဆိုပြီး ဖလမ်းဘက်ကိုပဲ ပို့ပြီးတော့ လူနာတွေကိုပို့ပြီး ဓာတ်မှန်ရိုက်ခိုင်းတာ ၂လကျော်ရှိပြီ။ အဲလိုသူတို့ပြောတယ်။ အဲဒါ ကျနော့်ဆီမှာလည်း ခရစ်ယာန်ဘုန်းတော်ကြီးတပါးက သတင်းလောကကို ပြောရင်ကောင်းမလားဆိုပြီး ပြောတော့ ကျနော်တို့က ဒီမှာလာပြီး ပြည်နယ်ဝန်ကြီးချုပ် ရုံးစိုက်ရာမြို့၊ ပြည်နယ်ကျန်းမာရေးမှူး ရုံးစိုက်ရာမြို့ပဲ၊ အဲဒါကြောင့်မို့လို့ ကိုယ့်ပြည်နယ် ကျန်းမာရေးမှူးတို့ မြို့နယ်ဆေးရုံအုပ်တို့ ဘာတို့ကို ဆက်သွယ်ကြပါဦး။ တခါတည်းနဲ့ သတင်းလွှင့်တာက တော်တော်ကို မကောင်းကြောင်း ပြောသလိုများ ဖြစ်နေမလားလို့၊ အဲဒါကြောင့်မို့ ဒါက နိုင်ငံရေးပိုင်း မဟုတ်တော့ လက်ရှိအခြေအနေကတော့ ခင်များတို့ သက်ဆိုင်ရာကိုပဲ ပြောရင်ကောင်းမယ်ဆိုပြီး ပြောလိုက်တယ်။ သူတို့က ဒီကုတင် ၂၀၀ ဆေးရုံ ရှိပြီးမှ ဓာတ်မှန်ရိုက်တာ ဖလမ်းမှာ တွဲရိုက်ခိုင်းတာတော့ နည်းနည်း သိပ်မကောင်းဘူး။ သိပ်ချွတ်ခြုံကျတယ်။ ဖလမ်းလည်း နေ့ချင်းပြန် သွားမရဘူး။ ညအိပ်သွားရတယ်။ အဲဒါကြောင့်မို့ ဒီကိစ္စက ဘယ်လိုလုပ်မလဲဆိုတော့ ခင်များတို့ သက်ဆိုင်ရာ ဝန်ကြီးဆီကိုပဲ ချဉ်းကပ်ပြောကြပါဦး။ ဝန်ကြီးကိုယ်တိုင်က မလုပ်နိုင်တော့မှ သတင်းလောကတို့ ဘာတို့ပြောတာကောင်းတယ်ဆိုပြီး အဲလိုပြောသေးတယ်။ ဓာတ်မှန်မကောင်းလို့ ဖလမ်းမှာပဲ ရိုက်တယ်ဆိုတာ လူနာတွေအတွက် တော်တော်ခက်တယ်။”
ကျနော်ကြားတယ်၊ ချင်းပြည်နယ်မှာ စားရေးသောက်ရေး ခက်ခဲတယ်။ ကြွက်တွေဖျက်တယ်။ ဝါးသီးစားတယ် စသည်ဖြင့် အဲဒါဦးတို့ ဘယ်လောက်ထိအောင် သိလဲ။
“အခုတော့ ကြွက်စားတာတော့ မရှိတော့ဘူး။ အရင်နှစ်တုန်းကတော့ စားတယ်။ ဒီနှစ်ကစပြီးတော့ အဲဒီပြဿနာတော့ သိပ်မရှိတော့ဘူး။ ကြွက်စားလို့ ၂၀၁၁မှာ အန်အယ်လ်ဒီက ကန်ပက်လက်၊ ဟားခါးမှာ ကျေးရွာ ၂ခု၊ ကျနော်တို့ရယ် ပံ့ပိုးပေးသေးတယ်။ အခုတော့ အဲဒီကြွက်ပြဿနာက သိပ်မကြားရတော့ဘူး။”
လျှပ်စစ်မီးရရှိမှုအပေါ်မှာ ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေမှာ တယူနစ်ကို ၂၅ ကျပ်၊ ၃ဝကျပ်၊ အခု ချင်းပြည်နယ်မှာ အောက်ကျနောက်ကျ ဖြစ်နေရတဲ့ အပေါ်မှာ ဦးအနေနဲ့ ဟားခါးဒေသခံတဦးအနေနဲ့ ဘာပြောချင်လဲ။ နိုင်ငံတော် အစိုးရသိအောင်ပေါ့။
“အောက်ကျ နောက်ကျ ဖြစ်တာကတော့ မြန်မာပြည် တခုလုံးမှာ ချင်းပြည်နယ်က အခက်အခဲဆုံး အဆင်းရဲဆုံးဒေသပဲ၊ အဲဒါကြောင့်မို့ ကျနော်တို့ကတော့ ပြည်မဒေသ၊ တခြားတိုင်းနဲ့ ပြည်နယ်တွေနဲ့ တန်းတူညီတူ လုပ်ယူလည်း ကျနော်တို့မရဘူး။ အထူးဦးစားပေး ဆောင်ရွက်ပေးမှပဲ ရမယ်။ ဒါမဖွံ့ဖြိုးသေးတဲ့ ဒေသကို အထူးဦးစားပေး မလုပ်ဘဲနဲ့ တန်းတူညီတူလုပ်ရင်တော့ ဘယ်တော့မှ မတူနိုင်ဘူး။ ကွာမြဲအတိုင်းပဲ ကွာမှာပဲ။ အဲဒါကြောင့်မို့ ကျနော်တို့က အကျောပေးဖို့လိုတယ်။ ဂေါက်သီးရိုက်ရင်လည်း ရိုက်ကာစလူကို အကျောပေးတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့က အခြားသော တိုင်းနဲ့ပြည်နယ်ထက် အများကြီး နိမ့်ကျနေတဲ့အခါကျတော့ ကျနော်တို့ကို အကျောပေးပြီးတော့ အထူးစီမံပေးပြီးတော့ လုပ်ပေးမှပဲရမယ်။ အဲဒါကြောင့်မို့လို့ ပြည်ထောင်စုအစိုးရတွေနဲ့ ချင်းပြည်နယ်ကို အထူးနယ်မြေဆိုပြီး သတ်မှတ်ပေးပြီး ဖွံ့ဖြိုးအောင်လုပ်ပေးမှပဲ ကျနော်တို့ သူများတွေကို မီနိုင်မယ်။ သူများတွေကိုမီပြီးမှ ထပ်တူလုပ်ရင် ကိစ္စမရှိတော့ဘူး။ သူများတွေကို မမီရင်တော့ အထူးဦးစားပေးလုပ်ပေးဖို့ လိုတယ်။ အထူးပြုစုတဲ့ အခန်းထဲမှာ လူနာကို အသည်းအသန်လူနာကို ကုသသလိုပေါ့။ ကျနော်တို့ကို အထူးလုပ်ပေးဖို့လိုတယ်။”