ကပ္ပလီပင်လယ်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း မုန်တိုင်းဖြစ်လာနိုင်
DVB
·
May 16, 2017
ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေပြီး တဖြည်းဖြည်းနဲ့ ပိုမိုအားကောင်းလာနေကာ မုန်တိုင်းတခုဖြစ်လာဖို့ အလားအလာ ရှိနေတယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ခန့်မှန်းပါတယ်။
မုန်တိုင်းတခု ဖြစ်လာဖို့ သေချာမှု ၆ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းလောက်အထိ ရှိနေပြီး မုန်တိုင်းဖြစ်လာဖို့ မေလ ၂၀ ရက်လောက်အထိ ကြာနိုင်သေးပေမယ့် ကပ္ပလီပင်လယ်ပြင်မှာ လေ၊ လှိုင်း၊ မိုး ပြင်းထန်နိုင်တဲ့အတွက် ရေယာဉ်သင်္ဘောတွေအနေနဲ့ သတိပြုသွားလာကြဖို့ လိုအပ်တယ်လို့ အကြံပြုထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေကို အနောက်လေပွေလှိုင်း တိုးဝင်လာမှုနဲ့ တောင်ပိုင်းနဲ့ အောက်ပိုင်းဒေသတွေကို အနောက်တောင်မုတ်သုံလေဦး တိုးဝင်လာမှုကနေ မြန်မာနိုင်ငံ မန္တလေးတိုင်းတောင်ပိုင်း၊ မကွေးတိုင်းတောင်ပိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ အရှေ့ပိုင်းက လွဲပြီး တပြည်လုံး နေရာကျဲကျဲမှ စိပ်စိပ် မိုးရွာသွန်းနေတယ်လို့ ဆိုပါတယ်။
မိုးဇလဌာနကလည်း ယနေ့ မြန်မာစံတော်ချိန် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ကပ္ပလီပင်လယ်ပြင်နဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွေမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ မိုးထစ်ချုန်းရွာခဲ့ပြီး၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ မန္တလေးတိုင်းမှာ နေရာကွက်ပြီး မိုးကြီးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန