နည်းစနစ်ပိုင်းလေ့လာရန် မြန်မာဝူရှူးအားကစားအဖွဲ့ တရုတ်နိုင်ငံသို့ သွားရောက်လေ့ကျင့်မည်

530
တရုတ်နိုင်ငံမှာ ၂ လကျော်ကြာ လေ့ကျင့်ဖို့ စီစဉ်ထားတဲ့ Government to Government အစီအစဉ်မှာ မြန်မာနိုင်ငံရဲ့ အားထားရတဲ့ ကစားနည်းဖြစ်တဲ့ ဝူရှူးအားကစားနည်းလည်း ပါဝင်တာကြောင့် မေလ ၁၆ ရက်နေ့မှာ ထွက်ခွာပြီး သွားရောက်လေ့ကျင့်တော့မှာ ဖြစ်ပါတယ်။
မလေးရှားဆီးဂိမ်းမတိုင်မီ တရုတ်အစိုးရနဲ့ မြန်မာအစိုးရတို့ အားကစားပူးပေါင်းအစီအစဉ်ဖြစ်တဲ့ Government to Government (GtoG) ဟာ မြန်မာအားကစားသမားတွေအတွက် ဗွီဒီယိုဖိုင်တွေကို ကြည့်ပြီး လေ့လာနေရတာထက် တခြားနိုင်ငံရဲ့ တိုးတက်နေတဲ့ အားကစားတွေကို ကိုယ်တိုင်လေ့လာရခြင်းဖြစ်လို့ ပိုမိုတိုးတက်လာနိုင်တယ်လို့ လက်ရွေးစင် ကစားသမားတစ်ဦးဖြစ်တဲ့ အေးသစ္စာမြင့်က ဆိုပါတယ်။
လက်ရှိအချိန်မှာ ၂၀၁၇ ခုနှစ် ၂၉ ကြိမ်မြောက် မလေးရှားဆီးဂိမ်း စတင်ဖို့လည်း ၃ လနီးပါးသာ လိုအပ်တော့တဲ့အချိန်မှာ နှစ်စဉ် တရုတ်နိုင်ငံကို စေလွှတ်နေကြအတိုင်း တရုတ်နည်းပြတွေက မြန်မာအားကစားသမားတွေကို လေ့ကျင့်ကြမယ့် အစီအစဉ်လည်း ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဝူရှူးအားကစားနည်းက ကစားသမားတွေဟာ ကိုယ်ခန္ဓာကြံ့ခိုင်ရေးအတွက် ၂ နှစ်နီးပါး နေပြည်တော်မှာရှိတဲ့ Gold Camp မှာ လေ့ကျင့်ပြင်ဆင်ခဲ့ပြီးတဲ့နောက် နည်းစနစ်ပိုင်းဆိုင်ရာတွေကို လေ့လာဖို့ တရုတ်နိုင်ငံကို သွားရောက်မှာပဲ ဖြစ်ပါတယ်။
ဝူရှူးအားကစားနည်းဟာ အရှေ့တောင်အာရှနိုင်ငံတွင်း ထိပ်တန်းအဆင့်တခုရှိတဲ့ ကစားနည်းလည်းဖြစ်ပြီး လာမယ့်ဆီးဂိမ်းမှာတော့ ပြိုင်ပွဲဝင် လက်ရွေးစင်ကစားသမား အားလုံးနီးပါးဟာ ရွှေတံဆိပ်ဆုရရှိဖို့ ယုံကြည်ချက်ရှိနေကြပါတယ်။