မန္တလေးမြို့ပေါ် တောင်းရမ်းစားသောက်သူများကို အရေးယူမည်
ရွှေအောင်
·
February 1, 2012
မန္တလေးမြို့ပေါ်မှာ တောင်းရမ်းစားသောက်နေကြတဲ့ လေလွင့်သူတွေကို စည်ပင်ဥပဒေအရ အရေးယူမယ်လို့ သက်ဆိုင်ရာက ကြေညာချက် ထုတ်လိုက်ပါတယ်။
မန္တလေးမြို့စည်ပင်က ထုတ်ဝေတဲ့ မန္တလေးသတင်းစာမှာ ပြီးခဲ့တဲ့ အပတ်ကတည်းကစပြီး ကြေညာချက် ထည့်သွင်း ဖော်ပြလာတာလို့ မန္တလေးမြို့ခံ သတင်းထောက်တဦးက ပြောပါတယ်။
“ဘူတာကြီးတဝိုက်မှာ တောင်းရမ်းစားသောက်သူတွေ၊ လမ်းပေါ်မှာ လေလွင့်နေတဲ့သူတွေ ရှိနေတဲ့အတွက် မြို့တော်ရဲ့ သန့်ရှင်းသာယာလှပရေးကို ထိခိုက်တယ်ပေါ့ဗျာ။ အဲ့ဒါတွေကို သန့်ရှင်းရေးဌာနက စည်ပင်ရဲ့ နည်းဥပဒေနဲ့ အရေးယူမည်ဆိုပြီး သတင်းစာထဲကနေ ကြေညာချက် ထုတ်လိုက်တယ်။ ပုဒ်မ ၂၄၊ ၂၅၊ ၂၆၊ ၂၇ ပေါ့။ အဲဒီနည်းဥပဒေနဲ့ အရေးယူမယ်ပေါ့ဗျာ။”
ပညာပေးကာလ တပတ် သတ်မှတ်ထားပြီး အဲ့ဒီနောက် အရေးယူမယ်လို့ သက်ဆိုင်ရာက ထုတ်ပြန်ထားပေမယ့် ဒီနေ့ထိတော့ အရေးယူ ဖယ်ရှားတာမျိုး မရှိသေးဘူးလို့လည်း ပြောပါတယ်။
တောင်းရမ်းစားသောက်ပြီး လမ်းဘေးမှာ နေထိုင်နေကြတဲ့သူတွေဟာ ကလေးသူငယ်တွေများပြီး ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ထဲ အတွေ့ရများလာတယ်လို့ မြို့ခံတချို့ကလည်း ပြောပါတယ်။
အထူးသဖြင့်တော့ မန္တလေးဘူတာကြီး အနီးတဝိုက်၊ ၇၈ လမ်းနဲ့ ၃၅ လမ်းထောင့်၊ ၂၆ လမ်းနဲ့ လမ်း ၈၀ ထောင့်နဲ့ ၂၃-၂၆ လမ်းထောင့်တွေမှာ အုပ်စုဖွဲ့ တောင်းရမ်းစားသောက်ပြီး နေချင်သလို နေထိုင်နေကြတော့ ယာဉ်မတော်တဆဖြစ်တာ မြင်ရဆိုးတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် မန္တလေးမြို့ပေါ်က လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်တွေမှာ သင်္ကန်းခြုံထားတဲ့သူတွေ၊ လိုက်လံ အလှူခံနေတာတွေလည်း အများအပြား ရှိနေတုန်း ဖြစ်ပါတယ်။
မန္တလေးမြို့ခံ သတင်းထောက်ကတော့ ဒီလိုမျိုး ကိစ္စတွေဟာ အရေးယူမယ် ဆိုရုံလောက်နဲ့ မပြီးဘူးလို့ သုံးသပ် ပြောကြားပါတယ်။
“ဖမ်းဆီးမယ်ဆိုတဲ့ နှိမ်နင်းမယ်ဆိုတဲ့ အမိန့်လောက်နဲ့ ပျောက်စရာ အကြောင်းမရှိဘူး။ ဘာလို့လဲဆိုတော့ ဒါကဖြေရှင်းရမယ့် အကောင်းဆုံးနည်းလမ်းတော့ မဟုတ်ဘူး။ အလွယ်ဆုံးနည်းလမ်းပဲ။ ဒါကြောင့် ဒါမျိုးတွေ မရှိအောင်လို့ ဘယ်လိုမျိုးနေရာတွေမှာ ပြုစုစောင့်ရှောက်ပေးမှာတုန်း၊ အလုပ်အကိုင်ရှိလာအောင် ဘယ်လိုတွေလုပ်ပေးမှာလဲ၊ ဒီကလေးတွေ ဒါမျိုးတွေ မဖြစ်သွားအောင် အကြောင်းရင်းခံက ဘာလဲဆိုတာတွေ သိအောင်လုပ်မှ ဖမ်းလည်းဖမ်းပဲ၊ အဖမ်းခံရုံရှိတာပဲ၊ ဘာမှမတတ်နိုင်ဘူး။ ဖြေရှင်းတဲ့နည်းလမ်းတွေက လွယ်တဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းနေတာ။ ရှင်းလိုက်ကွာဆိုတဲ့ ပုံစံမျိုးပဲ၊ အခြေအနေက။”