မြိတ်တွင် ကွင်းဆက်တရားခံအား WY စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိ

458
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင်းမှာ မေလ ၁၄ ရက်နေ့က WY စိတ်ကြွဆေးပြား ခြောက်သောင်းခန့်ကို ဖမ်းဆီးရမိတယ်လို့ မြိတ်မြို့မ ရဲစခန်းရုံးမှ စခန်းမှူး မြင့်လွင်က ပြောပါတယ်။
မူးယစ်ဆေးဝါးအရောင်းအ၀ယ် သတင်းအရ မြိတ်မြို့၊ ကန်ခေါင်း ရပ်ကွက်၊ ကံကော်လမ်း၊ အမှတ် ၁၉၇ နေ မူးယစ်ဆေးဝါးအမှု ကွင်းဆက်တရားခံ ဂျာဒင် (ခ) သူရဆန်းကို သွားရောက်ဖမ်းဆီးရာမှာ ထပ်မံဖမ်းဆီးရမိတာပါ။
နေအိမ် အောက်ထပ်မှာ Andaman တံဆိပ်ပါ ဘီယာစက္ကူဘူးအတွင်းမှာ တိတ်တွေနဲ့ကပ်ပြီး ပါကင်ထုပ်ပိုးထားတဲ့ စုစုပေါင်း စိတ်ကြွဆေးပြား (၆၀၀၀၀) ပြား၊ စုစုပေါင်း အလေးချိန် ၆ ကီလိုဂရမ်ကို သက်သေတွေရှေ့မှာ ရှာဖွေ တွေ့ရှိခဲ့တာလို့ဆိုပါတယ်။
မူးယစ်ဆေးဝါး ရောင်းဝယ်ရာမှာ အသုံးပြုတဲ့ နံပါတ်မပါ MSX အမျိုးအစား အပြာရောင် ဆိုင်ကယ် ၁ စီးပါ သိမ်းဆည်းရမိပြီး မြိတ်မြို့မရဲစခန်းက မူး/ စိတ် ပုဒ်မ ၁၅/ ၁၉ (က) /၂၁ အရ ဆက်လက်အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း - ဇော်ဇော်(မြိတ်)