ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းစစ်တပ်နှင့် မူးယစ်ကုန်သည် ပစ်ခတ်၊ ၈ ဦးသေဆုံး
DVB
·
May 15, 2017
ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်ထဲမှာ နယ်မြေအခြေစိုက် ထိုင်းစစ်တပ်နဲ့ မူးယစ်ဆေးဝါးကုန်သည်တွေကြား ပစ်ခတ်မှုဖြစ်ပွားပြီး မူးယစ်ကုန်သည်ဘက်က အလောင်း ၈ လောင်းနဲ့ စိတ်ကြွဆေးအလုံးရေ ၆ သိန်းကျော် ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
မြန်မာနယ်စပ်နဲ့ ၂ ကီလိုမီတာသာကွာဝေးတဲ့ မယ်ဆိုင်မြို့နယ် ဝိန်းဖန်ခမ်းကျေးရွာအုပ်စု ဖာမီတောင်ပေါ်မှာ မေလ ၁၃ ရက် ညက ပစ်ခတ်ခဲ့ကြတာဖြစ်ပြီး မေလ ၁၄ ရက် မနက်က တာဝန်ရှိသူတွေနဲ့အတူ နယ်မြေရှင်းလင်းရာမှာ မူးယစ်ကုန်သည်တွေဘက်က သေဆုံးသူတွေနဲ့ စိတ်ကြွဆေးတွေ ဖမ်းမိခဲ့တာလို့ ထိုင်းစစ်တပ် သံချပ်ကာ အမှတ် ၃ စစ်ဒေသ တပ်မဟာမှူး ဗိုလ်မှူးကြီး ကီဒါကွန်း ကျန်ထရာက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
နယ်မြေထဲ မူးယစ်ကုန်သည်တွေ ဝင်လာမယ့်အကြောင်း လျှို့ဝှက်သတင်းပေးချက်အရ တပ်ဖွဲ့ဝင်တွေ ဖာမီတောင်ပေါ်တဝိုက် ကိုယ်ရောင်ဖျောက် စောင့်ကြပ်စဉ် ည ၈ နာရီခွဲလောက်မှာ ကျောပိုးအိတ်ကိုယ်စီထမ်းလာတဲ့ လူ ၁၅ ဦးလောက် ဝါးရုံတောထဲကနေ တက်လာတာ တွေ့ရကြောင်း၊ သူတို့ထဲမှာ ၃ ဦးက သေနတ်ကိုင်ဆောင်ထားပြီး တာဝန်ရှိသူတွေက စစ်ဆေးဖို့ ရပ်တန့်စေခဲ့ရာ တဘက်က မရပ်ဘဲ ပါလာတဲ့လက်နက်နဲ့ စတင်ပစ်ခတ်တာကြောင့် ၂ ဘက် အပြန်အလှန် ၁၀ မိနစ်ခန့် ပစ်ခတ်ခဲ့ပြီး အသံတွေ ငြိမ်သက်သွားတယ်လို့ ဆိုပါတယ်။
နောက်တနေ့ တာဝန်ရှိသူတွေက ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ အခင်းဖြစ်နေရာကို သွားရောက်စစ်ဆေးရာ အသက် ၃၀ နဲ့ ၄၀ ကြားရှိ အမျိုးသားအလောင်း ၈ လောင်းတွေ့ခဲ့ပြီး တချို့ဟာ အိတ်ကိုပိုက်လျက် အနေအထားနဲ့ သေဆုံးနေကြောင်း၊ အဲဒီနေရာကနေ သိမ်းမိတဲ့ အိတ် ၆ လုံးထဲက စိတ်ကြွဆေးအလုံးရေ ၆ သိန်းကျော်နဲ့ အမ်-၁၆ သေနတ် ၂ လက်၊ အေကေ-၄၇ အမျိုးအစား သေနတ် ၁ လက်တို့ကို သိမ်းဆည်းရရှိကြောင်း၊ နောက်ထပ်ကွင်းဆက်တွေရဖို့လည်း ဆက်လက်စစ်ဆေးနေတယ်လို့ အမှတ် ၃ စစ်ဒေသ တပ်မဟာမှူးက ပြောသွားပါတယ်။