A d v e r t i s e m e n t With Us

ပရီးမီးယားလိဂ် မန်စီးတီး ၂-၁ လက်စတာ၊ စတုတ် ၁-၄ အာဆင်နယ် (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အသင်းကြီးတွေဖြစ်တဲ့ မန်စီးတီးနဲ့ အာဆင်နယ်တို့ အသီးသီးအနိုင်ရရှိခဲ့ကြပါတယ်။ ပရီးမီးယားလိဂ်ရာသီပြီးဆုံးဖို့ ၂ ပွဲသာ ကျန်တော့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ရရေးအတွက် အကြိတ်အနယ် ယှဉ်ပြိုင်နေကြရတာပါ။ မန်စီးတီးက အိမ်ကွင်းမှာ လက်စတာအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ ဒီပွဲမှာ အိမ်ရှင် မန်စီးတီးဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူကစားနိုင်ခဲ့ပြီး  အနိုင်ဂိုးတွေကိုတော့ ဆေးဗားနဲ့ ဂျီဆပ်တို့က သွင်းယူခဲ့ကြတာ ဖြစ်ပါတယ်။ လက်စတာအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ အိုကာဇာကီက သွင်းယူခဲ့တာပါ။ အာဆင်နယ်အသင်းကတော့ အဝေးကွင်းမှာ စတုတ်စီးတီးအသင်းကို ၄-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ အာဆင်နယ်အသင်းဟာ အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရပေမယ့် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူကစားနိုင်ခဲ့ပါတယ်။ အနိုင်ဂိုးတွေကိုတော့ ဂီရော့က ၂ ဂိုး၊ အိုဇေးနဲ့ ဆန်းချက်တို့က ၁ ဂိုးစီးသွင်းယူခဲ့ကြတာပါ။ စတုတ်စီးတီးအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ပီတာခရော့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ်ပြီးဆုံးဖို့ ၂ ပွဲကျန်ရှိနေပေမယ့် ချဲလ်ဆီးအသင်းက ဒုတိယနေရာက စပါးစ်ကို အမှတ်ဖြတ်လိုက်နိုင်တာကြောင့် ချန်ပီယံဖလားကို သိမ်းပိုက်သွားပြီ ဖြစ်ပါတယ်။ လက်ရှိအမှတ်ပေးဇယားမှာ ချဲလ်ဆီးက ၃၆ ပွဲကစား ရမှတ် ၈၇၊ စပါးစ်က ၃၅ ပွဲကစား ရမှတ် ၇၇၊ မန်စီးတီးက ၃၆ ပွဲကစား ၇၂ မှတ်၊ လီဗာပူးက ၃၆ ပွဲကစား ရမှတ် ၇၀၊ အာဆင်နယ်က ၃၆ ပွဲကစား ရမှတ် ၆၉၊ မန်ယူက ၃၅ ပွဲကစား ရမှတ် ၇၅ နဲ့ အသီးသီး ရပ်တည်နေပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ကို ချဲလ်ဆီးက ရရှိပြီးဖြစ်သလို ရမှတ်အနေအထားတွေအရ စပါးစ်ကလည်း ၀င်ခွင့်ရဖို့ သေချာသွားပြီ ဖြစ်ပါတယ်။ ကျန် ၂ နေရာအတွက် မန်စီးတီး၊ လီဗာပူး၊ အာဆင်နယ်နဲ့ မန်ယူတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရမှာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up