DVB Logo
Home
မြန်မာသတင်း
ကျန်းမာရေးနှင့် ပညာရေးအသုံးစရိတ် တိုးမြှင့်မှုအပေါ် ကြိုဆို
DVB
·
January 31, 2012
ကျန်းမာရေးနှင့် ပညာရေးအသုံးစရိတ် တိုးမြှင့်မှုအပေါ် ကြိုဆို
Donate to DVB

ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဥပဒေမူကြမ်းအဖြစ် အတည်ပြုနိုင်ဖို့ ပြည်ထောင်စုအစိုးရရဲ့ ၀န်ကြီးဌာနတွေက တင်သွင်းလိုက်တဲ့ ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေမူကြမ်းမှာ ကျန်းမာရေးနဲ့ ပညာရေးအသုံးတွေကို တိုးမြှင့်ထားတဲ့အပေါ် ကြိုဆိုလိုက် ကြပါတယ်။

ဒီကနေ့ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတက်မှုဝန်ကြီးဌာနဲ့ ဘဏ္ဍာအခွန်ဝန်ကြီးဌာနတွေက တင်သွင်းလိုက်တဲ့ လာမယ့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေ မူကြမ်းမှာ ကျန်းမာရေး ကဏ္ဍအတွက် ၄ ဆနဲ့ ပညာရေးကဏ္ဍအတွက် ၂ ဆ တိုးမြှင့်လိုက်တဲ့အပေါ် ပညာရေးနဲ့ ကျန်းမာရေးလောကသားတွေက ကြိုဆိုလိုက်ကြတာပါ။

ကျန်းမာရေးဝန်ကြီးဌနာ၊ အမျိုးသားကျန်းမာရေးစီမံကိန်း ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖုန်းမြင့်က “အရင်ကထက် ၄ ဆဆိုတော့ ရတယ်ဆိုရင်တော့ ကောင်းတာပေါ့။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ ပိုပြီးတော့ မပေးနိုင်သေးတဲ့ နေရာတွေ ပိုပေးလာနိုင်မှာပေါ့။ စောင့်ရှောက်မှု အပိုင်းတို့ ဆေးဝါးတွေကအစ အစပိုင်းကတည်းက လိုအပ်ချက်လေးတွေ အများကြီး ရှိခဲ့တာ။ အခုလို ပိုရလာတော့ ပိုကောင်းတာပေါ့”လို့ ပြောပါတယ်။

ကျန်းမာရေးအသုံးစရိတ်က တိုင်းပြည်​ဝင်​ငွေ (ဂျီဒီပီ) ရဲ့ ၅.၂ ရာခိုင်နှုန်းလောက်အထိ တိုးမြှင့်ရရှိလာမှာ ဖြစ်ပါတယ်။ ဒီလို တိုးပြီးရရှိလာမယ့် ကျန်းမာရေးဆိုင်ရာ အသုံးစရိတ်တွေကို ၀န်ကြီးဌာနအနေနဲ့ ဘယ်လိုအသုံးပြုသွားမယ် ဆိုတာကိုလည်း ညွှန်ချုပ်က အခုလို ရှင်းပြပါတယ်။

“ရလာတာကို အကျိုးရှိရှိ သုံးနိုင်ဖို့ အရေးကြီးတာပေါ့။ ပစ်စလက်ခတ် သုံးလို့တော့မရဘူး။ အဲဒီလိုအကျိုးရှိရှိ သုံးနိုင်မှ နိုင်ငံတော်က ပေးတဲ့ဟာမှာ ပေးရကျိုးနပ်မှ နောက်ပိုင်း ပိုပြီးတော့ ရလာမှာပေါ့။ အစီအစဉ်တွေ ရှိပါတယ်။ မိခင်ကလေးကိစ္စတွေ၊ ရောဂါကူးစက်မှုတွေ၊ ကျေးလက်ကျန်းမာရေး စသည်ဖြင့် ဒါတွေက ၀န်ကြီးဌာနရဲ့ လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့်တွေပါ။ နယ်စပ် မရောက်နိုင်သေးတဲ့ဟာတွေ ပိုကောင်းလာအောင် ဒါတွေက ဦးစားပေး အစီအစဉ်တွေကို ဒီအတိုင်း စနစ်တကျ အစီအစဉ်တွေဆွဲပြီးတော့ လုပ်သွားမှာပါ။”

တိုင်းပြည်​ဝင်​ငွေ (ဂျီဒီပီ) ရဲ့ ၈.၂၆ ရာခိုင်နှုန်းကျော်လောက်အထိ တိုးမြှင့်ရရှိမယ့်အပေါ် ပညာရေးကဏ္ဍ တွဲဘက်ပါမောက္ခ တဦးက ရရှိလာမယ့် ပညာရေး အသုံးစရိတ်ကို အကျိုးရှိရှိ အသုံးပြုဖို့ တိုက်တွန်းထားပါတယ်။

“ပညာရေးဘတ်ဂျက် ကျတဲ့အနည်းအများကို ကြည့်လိုက်တာနဲ့ နိုင်ငံတနိုင်ငံရဲ့ ပညာရေးအပေါ်ထားတဲ့ သဘောထား၊ ဘတ်ဂျက်ကို ကြည့်လိုက်တာနဲ့ သိသာတာပေါ့။ နောက် ပညာရေး ဘတ်ဂျက်တွေ သုံးဖို့ကတော့ အောက်ခြေကျောင်းတွေtထိ ရောက်ဖို့အရေးကြီးတယ်။ ကျောင်းတွေထိ မရောက်မှာကို စိတ်နည်းနည်းပူရတယ်။ ကျောင်းတွေမှာက သိတဲ့အတိုင်းပဲ၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ပြည့်စုံမှုက သိပ်မှမရှိတာလေ။ အဲဒါတွေ ရှိလာရင်တော့ ပိုကောင်းတာပေါ့။ အခြေခံပညာရေးမှာ အထူးသဖြင့် မူလတန်းကျောင်းလေးမှာတော့ ကလေးတွေရဲ့ စာအုပ်စာတမ်းနဲ့ ပတ်သက်တာလေးတွေ၊ ကလေးတွေကို အခမဲ့ပညာရေး လုံးလုံးဖြစ်အောင် လုပ်ပေးနိုင်တာမျိုးတွေ အထိတော့ ပိုကောင်းမှာပေါ့။ အဲဒါမျိုးတွေမှာ သုံးစေချင်တာပါ။”

ဒီလိုဘတ်ဂျက် အသုံးစရိတ် ရာခိုင်နှုန်းတွေဟာ တိုင်းပြည်ဝင်ငွေ (ဂျီဒီပီ) ပမာဏ အနည်းအများပေါ်မှာ မူတည်ပြီး ရရှိမယ့် အသုံးစရိတ်ဟာလည်း အနည်းအများတွေ ရှိနေနိုင်ပါသေးတယ်။

ဒီအပေါ်ကိုလည်း လွှတ်တော်ကို စောင့်ကြည့်သုတေသနပြုစုနေတဲ့ ကိုကျော်လင်းဦးက အခုလို သုံးသပ်ပြောဆိုပါတယ်။

“ကျနော်တို့က အဲဒီမှာ (ဂျီဒီပီ) ရဲ့ ပမာဏက ဘယ်လောက်လဲ ဆိုတာကို သိဖို့လိုတယ်။ ဘာပဲပြောပြော ယေဘူယျအားဖြင့် ပြောရင် ဒီလိုတိုးမြှင့်သုံးစွဲတာတော့ ကောင်းပါတယ်။ ဒီကဏ္ဍတွေက တကယ်တမ်းကျတော့ ဘတ်ဂျက်အရ ရသုံးမှန်းချေ ငွေစာရင်းအရ အရေးမထားတဲ့ ကဏ္ဍတွေဖြစ်နေတဲ့ အခါကျတော့ လက်ရှိအစိုးရလက်ထက်မှာ ထပ်တိုးပြီးတော့ သုံးစွဲတယ်ဆိုတာ ကြိုဆိုရမယ့်ကိစ္စတော့ ဖြစ်တယ်ပေါ့။ ဒါပေမယ့် ဘာပဲပြောပြော အခုဆို ၂၀၁၂ဆိုတော့ ၂၀၁၁က ကိန်းဂဏန်းတွေကို ထုတ်ပြန်ပေးမယ်။ နောက်ပြီးတော့ ၂၀၁၂ အတွက် မှန်းဆချက်တွေကို တရားဝင် ထုတ်ပြန်ပေးနိုင်တယ်ဆိုရင် တကယ်ကောင်းပါတယ်။ ဒါပေမယ့် အဲဒီလို ထုတ်ပြန်ပေးမပေးဆိုတာကို ကျနော်တို့က စောင့်ကြည့်ရမယ့်သဘော ရှိနေသေးတယ်။”

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ အိုင်အမ်ဖက်က လာမယ့် ဘဏ္ဍာရေးနှစ်တွေမှာ တိုင်းပြည်ဝင်ငွေ ၅ ရာခိုင်နှုန်းလောက် တိုးတက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အစိုးရအနေနဲ့ကတော့ လာမယ့် မတ်လ ၃၁ ရက်နေ့မှာ ကုန်ဆုံးမယ့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အသုံးစရိတ်တွေနဲ့ ပြည်သူသို့အစီအရင်စာတွေကို အပြီးသတ် ထုတ်ပြန်ဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013