အစိုးရနဲ့ မွန်ပြည်သစ်ပါတီအကြား ငြိမ်းချမ်းရေးဆွေးနွေးဖို့ တရက်အလို ဇန်နဝါရီ ၃၀ ရက်ညက အစိုးရငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေနဲ့ ဦးတင်မောင်သန်းတို့ဟာ မော်လမြိုင်မြို့က စီးပွားရေးလုပ်ငန်းရှင်တွေကို တွေ့ဆုံ စကားပြောဆိုကြတယ်လို့ ဒီပွဲကို တက်တဲ့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။
“ညတုန်းကတော့ အခြေအနေ သူမသိသေးဘူး။ ကျနော်အဲဒီမေးခွန်းကို မေးမိတယ်။ အခြေအနေ မသိသေးဘူးပေါ့နော်။ ပြေလည်မယ်လို့တော့ ယူဆတယ်။ အားလုံး ပြေလည်ပြီးပြီပဲ။ သူတို့လည်း ပြေလည်ကြမှာပေါ့။ ကျနော်တို့လည်း ငြိမ်းချမ်းမှ အလုပ်လုပ်လို့ရမှာပေါ့။ နောက် ဇုန်အနေအထားကလည်း ငြိမ်းချမ်းရေးပေါ်မှာ မူတည်ပြီးမှ ဇုန်ကဖြစ်မှာကို၊ စက်မှုဇုန်မျိုးပေါ့။”
နယ်မြေတွေ စီးပွားရေးဖွံ့ဖြိုးဖို့အတွက် စက်မှုဇုန်တွေ၊ စီးပွားရေးဇုန်တွေ လုပ်ဆောင်ဖို့ လိုအပ်နေပြီး ငြိမ်းချမ်းရေး မရှိဘဲနဲ့တော့ မဖြစ်လာနိုင်တဲ့ အကြောင်းတွေ ပြောဖြစ်ကြတယ်လို့ ဆိုပါတယ်။
မော်လမြိုင်မြို့ကို ကမ္ဘာ့လှည့်ခရီးသည် တိုးပြီး လာရောက်ဖွယ် ရှိတာတွေကိုလည်း ပြောဆိုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
မွန်ပြည်သစ်ပါတီရဲ့ ကိုယ်စားလည်အဖွဲ့လည်း မော်လမြိုင်မြို့ကို ရောက်ရှိနေပြီး အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့က မီးရထားဝန်ကြီး ဦးအောင်မင်းကတော့ ဒီကနေ့ ညနေစောင်းက မော်လမြိုင်ကို ရောက်တယ်လို့ သူက ပြောပါတယ်။ မနက်ဖြန်ကျရင် နှစ်ဖက်ကိုယ်စားလှယ်တွေဟာ အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးကိစ္စတွေ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
မနှစ် ဒီဇင်ဘာလကုန်ပိုင်းက အစိုးရပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ မွန်ပြည်သစ်ပါတီတို့ အပစ်အခတ် ရပ်စဲနိုင်အောင် ထိုင်း-မြန်မာနယ်စပ်မှာ ပထမအကြိမ် ပဏာမ တွေ့ဆုံခဲ့ပါတယ်။