အင်ဒိုနီးရှားကမ်းခြေတွင် ၁၅ မီတာအရှည်ရှိ ပင်လယ်ရေသတ္တဝါကြီး သောင်တင် (ရုပ်သံ)

1.1K
အင်ဒိုနီးရှားနိုင်ငံ ကမ်းခြေတခုမှာ အရှည် ၁၅ မီတာရှိတဲ့ ဧရာမ ပင်လယ်ရေသတ္တဝါကြီးတကောင် သောင်တင်ခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
ဒါကို အက်စ်ရူလ် တူအန်နာကိုတာ အမည်ရတဲ့ ဒေသခံတဦးက မာလူကူခရိုင်၊ မြောက်ပိုင်းဆီယမ်ကျွန်း ကမ်းခြေတခုမှာ တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဂျကာတာဂလုပ်ဘ်သတင်းမှာ ဖော်ပြပါတယ်။
ဒီသတ္တဝါကြီးကို တွေ့စကတော့ ကမ်းခြေကို သောင်တင်လာတဲ့ လှေတစင်းလို့ ထင်ခဲ့မိကြောင်း အသက် ၃၇ နှစ်အရွယ် အက်စ်ရူလ် တူအန်နာကိုတာက ပြောပါတယ်။
ကင်းမွန်လို့ နာမည်တပ်ပြောနေရပေမယ့် ဒါဟာ ဝေလငါးတကောင်လားဆိုတာလည်း မပြောနိုင်သေးသလို ဘယ်လို ရေသတ္တဝါမှန်း မသိနိုင်သေးဘူးလို့ သတင်းက ဆိုပါတယ်။
လက်ရှိမှာတော့ ဒီသတ္တဝါကြီးကို လာရောက်ကြည့်ရှုသူ ဒေသခံတွေနဲ့ စည်ကားနေခဲ့တာပါ။
ကမ်းခြေဒေသခံတွေကတော့ ဒီအရာကို အမြန်ဆုံး ရှင်းထုတ်နိုင်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အကူအညီ တောင်းခံထားတာ ဖြစ်ပါတယ်။
အခုနှစ်အစောပိုင်းတုန်းကလည်း ဖိလစ်ပိုင်နိုင်ငံမှာ ၂ တန်အလေးချိန်ရှိတဲ့ ရေထဲက အရာတခု သောင်တင်ခဲ့ပါသေးတယ်။
ဒါကို အစပိုင်းကတော့ ရေဝက်တကောင်ဖြစ်မယ်လို့ ပြောခဲ့ကြပြီး နောက်ပိုင်းမှာမှ ဝေလငါးတကောင်ဖြစ်တယ်လို့ အတည်ပြုနိုင်ခဲ့ကြတာပါ။