မြိတ် ခရီးသည်ယာဉ် ၂ စီးတိုက်မှု ဒဏ်ရာရရှိသူများကို ကရုဏာကြေးများ ပေးအပ်
DVB
·
May 12, 2017
မြိတ်မြို့နယ်မှာ ခရီးသည်ယာဉ်နှစ်စီး တိုက်မှုဖြစ်ပွားခဲ့လို့ ဒဏ်ရာရခဲ့ကြတဲ့ ခရီးသည်တွေကို မေ ၁၁ ရက်နေ့က ကရုဏာကြေးတွေ ပေးအပ်ခဲ့ပါတယ်။
မြိတ်မြို့မှာ ပင်းအိုကျေးရွာ လက်ခုတ်တောင်အနီးမှာ မေ ၉ ရက်နေ့က မန်းရာဇာမှန်လုံ ခရီးသည်တင်ကားနဲ့ နေနှင့်လ အံစာတုံး ခရီးသည်တင်ယာဉ်ငယ်တို့ တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ ယာဉ်မောင်းနဲ့ ခရီးသည်တွေကို ကရုဏာကြေး ထောက်ပံ့ငွေအဖြစ် ကျပ်ငွေ ၆၃ သိန်းကို ယာဉ်လိုင်းနှစ်ခုက ပေးအပ်ခဲ့တာပါ။
ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းနဲ့ ခရီးသည်တွေအပါအဝင် စုစုပေါင်း ၈ ဦးလောက် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး သူတို့ကို ယာဉ်လိုင်း ၂ ခုက အချိုးကျ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တာ လို့ မြိတ်ခရိုင် ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်သင်းမောင်က ပြောပါတယ်။
“ထိခိုက်ဒဏ်ရာရရှိတဲ့ ယာဉ်မောင်းနဲ့ ခရီးသည်တွေကို အခု ပေးတာက ကရုဏာကြေးအနေနဲ့ ယာဉ်လိုင်း ၂ ခုက ထောက်ပံ့ကူညီပေးတာ ဖြစ်ပါတယ်။ အသက် အာမခံကြေးကတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုဖြစ်ပွားတဲ့ ဖြစ်စဉ်မှာက ဒဏ်ရာရရှိတဲ့ ယာဉ်ငယ်မှာက ခရီးသည်တွေ အသက်အာမခံကြေး မလုပ်ထားလို့ မရတာပါ”လို့ ဦးအောင်သင်းမောင်က ရှင်းပြပါတယ်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေထဲက ဘယ်ဘက်လက်မောင်းပြတ်သူ ဒေါ်ညွန့်ညွန့်ရီ (အသက် ၅၆-နှစ်) ကို ကရုဏာကြေး ထောက်ပံ့ငွေ ၂၅ သိန်း၊ နား၊ ဇက်၊ ခြေထောက်လှုပ်မရ အတွင်းဒဏ်ရာ ရရှိထားသူ ဦးမျိုးသန့် (အသက် ၆၅-နှစ်)ကို ထောက်ပံ့ငွေ ၈ သိန်းနဲ့ ကျန် ၆ ဦးအတွက် တဦးကို ၅ သိန်းကျပ်၊ စုစုပေါင်း လူနာ ၈ ဦးကို ၆၃ သိန်းကျပ် ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
သတင်း၊ဓာတ်ပုံ - ဇော်ဇော်(မြိတ်)