Home
မြန်မာသတင်း
မြိတ် ခရီးသည်ယာဉ် ၂ စီးတိုက်မှု ဒဏ်ရာရရှိသူများကို ကရုဏာကြေးများ ပေးအပ်
DVB
·
May 12, 2017
မြိတ်မြို့နယ်မှာ ခရီးသည်ယာဉ်နှစ်စီး တိုက်မှုဖြစ်ပွားခဲ့လို့ ဒဏ်ရာရခဲ့ကြတဲ့ ခရီးသည်တွေကို မေ ၁၁ ရက်နေ့က ကရုဏာကြေးတွေ ပေးအပ်ခဲ့ပါတယ်။ မြိတ်မြို့မှာ ပင်းအိုကျေးရွာ လက်ခုတ်တောင်အနီးမှာ  မေ ၉ ရက်နေ့က မန်းရာဇာမှန်လုံ ခရီးသည်တင်ကားနဲ့ နေနှင့်လ အံစာတုံး ခရီးသည်တင်ယာဉ်ငယ်တို့ တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ ယာဉ်မောင်းနဲ့ ခရီးသည်တွေကို ကရုဏာကြေး ထောက်ပံ့ငွေအဖြစ် ကျပ်ငွေ ၆၃ သိန်းကို ယာဉ်လိုင်းနှစ်ခုက ပေးအပ်ခဲ့တာပါ။ ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းနဲ့ ခရီးသည်တွေအပါအဝင် စုစုပေါင်း ၈ ဦးလောက် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး သူတို့ကို ယာဉ်လိုင်း ၂ ခုက အချိုးကျ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တာ လို့ မြိတ်ခရိုင် ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်သင်းမောင်က ပြောပါတယ်။ “ထိခိုက်ဒဏ်ရာရရှိတဲ့ ယာဉ်မောင်းနဲ့ ခရီးသည်တွေကို အခု ပေးတာက ကရုဏာကြေးအနေနဲ့ ယာဉ်လိုင်း ၂ ခုက ထောက်ပံ့ကူညီပေးတာ ဖြစ်ပါတယ်။ အသက် အာမခံကြေးကတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုဖြစ်ပွားတဲ့ ဖြစ်စဉ်မှာက ဒဏ်ရာရရှိတဲ့ ယာဉ်ငယ်မှာက ခရီးသည်တွေ အသက်အာမခံကြေး မလုပ်ထားလို့ မရတာပါ”လို့ ဦးအောင်သင်းမောင်က ရှင်းပြပါတယ်။ အဆိုပါ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေထဲက ဘယ်ဘက်လက်မောင်းပြတ်သူ ဒေါ်ညွန့်ညွန့်ရီ (အသက် ၅၆-နှစ်) ကို ကရုဏာကြေး ထောက်ပံ့ငွေ ၂၅ သိန်း၊ နား၊ ဇက်၊ ခြေထောက်လှုပ်မရ အတွင်းဒဏ်ရာ ရရှိထားသူ ဦးမျိုးသန့် (အသက် ၆၅-နှစ်)ကို ထောက်ပံ့ငွေ ၈ သိန်းနဲ့ ကျန် ၆ ဦးအတွက် တဦးကို ၅ သိန်းကျပ်၊ စုစုပေါင်း လူနာ ၈ ဦးကို ၆၃ သိန်းကျပ် ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ သတင်း၊ဓာတ်ပုံ - ဇော်ဇော်(မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024