Home
မြန်မာသတင်း
မိတ္ထီလာကန်မကြီးအား အမှိုက်ကင်းစင်ရေး အစိုးရနှင့် အရပ်ဘက်အဖွဲ့များ ပူးပေါင်းဆောင်ရွက်
DVB
·
May 12, 2017
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့မှာ အစိုးရဌာနဆိုင်ရာတွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းကာ မိတ္ထီလာကန်ဝန်းကျင်မှာ ပထမဦးဆုံးအကြိမ်အဖြစ် အမှိုက်ရှင်းလင်းတာတွေကို မေလ ၁၁ ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။ အခုလိုပြုလုပ်ရတာဟာ နှစ်ပေါင်းများစွာ တည်ရှိလာခဲ့တဲ့ မိတ္ထီလာကန်ကို အမှိုက်ကင်းစင်ရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ဖို့ ရည်ရွယ်တာလို့ မိတ္ထီလာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာဝင်းစိုးက ပြောပါတယ်။ “အရင်ကတော့ အဖွဲ့အစည်းတခုချင်းစီက ကိုယ့်အစီအစဉ်နဲ့ကိုယ် အပတ်စဉ် သန့်ရှင်းရေးလုပ်တာတော့ ရှိပါတယ်။ အခုပြုလုပ်တာက အစိုးရ ဌာနဆိုင်ရာ အဖွဲ့စည်းတွေလည်း ပါတယ်။ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေလည်း ပါတယ်။ ကျနော်တို့ ပါတီဝင်တွေလည်း ပါပါတယ်။ ဒါ အစိုးသစ်တက်ပြီး နောက်ပိုင်း ပထမဆုံးအကြိမ် ပူးပေါင်းပြုလုပ်တာပေါ့။ အခုလို ပူးပေါင်းပြုလုပ်ရတာကလည်း တဖွဲ့ချင်းစီ ပြုလုပ်တာထက်စာရင် အကုန်ပူးပေါင်းပြီး ပြုလုပ်တာက ကန်သန့်ရှင်းရေးအတွက်တင်မက အဖွဲ့အစုံရဲ့ ရှုထောင့်မျိုးစုံအမြင်နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရာမှာ ပိုမိုစနစ်ကျစေမယ်ဆိုတဲ့ ရည်ရွယ်နဲ့ ပြုလုပ်တာပဲ ဖြစ်ပါတယ်။” နယ်သာလန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာဦးစီးဌာန၊ ရေအရင်းအမြစ်လေ့လာရေးအဖွဲ့အစည်း၊ အမျိုးသားဒီမိုကရေအဖွဲ့ချုပ်ပါတီ၊ မြို့နယ်ကြက်ခြေနီအဖွဲ့နဲ့ မိတ္ထီလာကန်ချစ်သူများအဖွဲ့ စတဲ့ အဖွဲ့အစည်းပေါင်း ၈ ဖွဲ့လောက် ပါဝင်ပူးပေါင်း ပြုလုပ်ခဲ့တာလို့ သိရပါတယ်။ အခုလိုရှင်းလင်းရာမှာ မိတ္ထီလာမြောက်ကန် လမ်းတလျှောက်၊ ဖော်တော်ဦးဘုရားလမ်းတလျှောက်၊ မြင်းခြံလမ်းခွဲ၊ နန်းတော်ကုန်းလမ်းဘက်နဲ့ ကန်ရဲ့ ဆည်မြောင်းလမ်းပတ်လည်တွေမှာ အဖွဲ့ ၂ ဖွဲ့ခွဲပြီး ပြုလုပ်ခဲ့ကြတာပါ။ မိတ္ထီလာကန်မကြီးကို မြို့နယ်စည်ပင်သာယာမှ လမ်းတံတားခြားပြီး တောင်ကန်နဲ့ မြောက်ကန် သတ်မှတ်ထားကာ အဆိုပါကန်ရေကို မြို့တွင်းရေပေးဝေရာမှာ အသုံးပြုနေကြောင်း သိရပါတယ်။ သတင်း - ရန်နိုင်စိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024