ရုရှား စစ်ရေးပြအခမ်းအနားတွင် လေကြောင်းကာကွယ်ရေးစနစ်များ ပြသ (ရုပ်သံ)

ရုရှားနိုင်ငံဟာ မေလ ၉ ရက်နေ့က ပြုလုပ်တဲ့ စစ်ရေးပြအခမ်းအနားမှာ လေကြောင်းကာကွယ်ရေးစနစ်တွေကို ပြသခဲ့ပါတယ်။ မြို့တော် မော်စကိုရှိ ရင်ပြင်နီမှာ ပြုလုပ်တဲ့ အခမ်းအနားမှာ အာတိတ်ဒေသသုံး  လေကြောင်းကာကွယ်ရေး စနစ်တွေကို ပြသခဲ့တာပါ။ ဒီအခမ်းအနားဟာ ဒုတိယကမ္ဘာစစ်က နာဇီဂျာမနီအပါ် အောင်ပွဲခံခြင်း အထိမ်းအမှတ်နဲ့  နှစ်စဉ်ပြုလုပ်တာ ဖြစ်ပါတယ်။ အခမ်းအနားကို ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ဆိုဗီယက်စစ်ပြန်တွေနဲ့အတူ တက်ရောက်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် စစ်ပြန်တဦးက “ပထမဆုံး ရုရှားစစ်သားတွေဟာ ဆီးရီးယားမှာ တိုက်ပွဲဝင်ကြတယ်။ အဲဒါ ကိုယ့်နိုင်ငံ ကိုယ်ကာကွယ်တာပါပဲ။ ကျုပ်တို့က ဆီးရီးယားပြည်သူတွေကို မကူညီရင် အဲဒါမျိုးက ဒီမှာ လာဖြစ်လိမ့်မယ်။ ဒါကြောင့်  ရုရှားစစ်သားတွေက ကိုယ့်နိုင်ငံနဲ့ တကမ္ဘာလုံးကို ကိုယ်ကာကွယ်ဖို့ တာဝန်ထမ်းဆောင်နေတာဗျ” လို့ ပြောပါတယ်။ မေလ ၉ ရက်နေ့က ပြုလုပ်တဲ့ စစ်ရေးပြပွဲမှာ အဖြူနဲ့အနက် ဆေးခြယ်ထားတဲ့ Tor-M and Pantsir SA လေကြောင်းကာကွယ်ရေးစနစ်တွေကို ပထမဆုံးအကြိမ် ပြသခဲ့တာဖြစ်ပါတယ်။ ရုရှားနိုင်ငံဟာ ပြိုင်ဘက် ကနေဒါ၊ အမေရိကန်ပြည်ထောင်စု၊ နော်ဝေတို့နဲ့ အာတိတ်ဒေသမှာ သြဇာလွှမ်းမိုးမှု ယှဉ်ပြိုင်နေတာကြောင့် အခုလို သူ့ရဲ့ စစ်စွမ်းရည်ကို ပြသနေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up