DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားရေးရာ အဆိုများအတည်ပြုမှု လွှတ်တော်လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီမှုမရှိ
DVB
·
January 31, 2012
တိုင်းရင်းသားရေးရာ အဆိုများအတည်ပြုမှု လွှတ်တော်လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီမှုမရှိ
Donate to DVB

ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော် တတိယအကြိမ် ပုံမှန်အစည်းအဝေးမှာ တင်သွင်းတဲ့ တိုင်းရင်းသားရေးရာကိစ္စ အဆိုတွေ အတည်ပြုရာမှာ လွှတ်တော် လုပ်ထုံး လုပ်နည်းနဲ့ ကိုက်ညီမှုမရှိ ဖြစ်နေပါတယ်။

တတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးရဲ့ ပထမမြောက်နေ့နဲ့ ဒုတိယမြောက်နေ့တွေမှာ ဆက်သွယ်ရေးဝန်ကြီးဟောင်း မြစ်ကြီးနားမြို့နယ်က ကိုယ်စားလှယ် ဦးသိန်းဇော် တင်သွင်းတဲ့ `ပြည်ထောင်စု အစိုးရအဖွဲ့အတွင်း ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက် ရန်ပုံငွေတရပ်ခေါင်းစဉ်နဲ့ ရန်ပုံငွေ ထားရှိရေး´ အဆိုနဲ့ `တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုင်းရင်းသားများ၏ လူမှုဘ၀ မြင့်မား တိုးတက်ရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းမြှင့်တင်ရေး ဦးစီးကော်မတီဖွဲ့စည်းရေး´ အဆိုတွေကို အတည်ပြုရာမှာ လုပ်ထုံးလုပ်နည်းနဲ့ ကိုက်ညီမှုမရှိဖြစ်ခဲ့တာပါ။

ဒါဟာ လွှတ်တော် လုပ်ထုံးလုပ်နည်းတွေနဲ့ ကိုက်ညီမှုမရှိတဲ့ သွေဖည်လုပ်ဆောင်ခဲ့မှုလို့ တိုင်းရင်းသားကိုယ်စားလှယ်တဦးက ဝေဖန် ပြောကြားပါတယ်။

“အဆိုတင်သွင်းတယ်ဆိုတာက တရက် တင်သွင်းပြီးတော့ နောက် တရက်ခြားဖြစ်ဖြစ် နှစ်ရက်ခြားဖြစ်ဖြစ် ၀င်ပြီးတော့ ဆွေးနွေးခိုင်းတယ်။ အဲ့မှာ အမည်စာရင်းပေးခိုင်းတယ်။ နောက်နေ့မှ ပြန်ပြီးတော့ ဆွေးနွေးပြီးတော့ အတည်ပြုကြတာပေါ့လေ။ အဲ့ ၂ ခုကျတော့ သူတို့က လုပ်ရိုးလုပ်စဉ်မဟုတ်ဘဲနဲ့ ချက်ချင်းကြီးကို ထောက်ခံမယ့်သူ အဆင့်သင့်။ တင်သွင်းပြီးတော့ ချက်ချင်း ဆုံးဖြတ်လိုက်တဲ့ အပေါ်မှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေက လုပ်ရိုးလုပ်စဉ်နဲ့ သွေဖည်တယ်ဆိုပြီးတော့ ဘ၀င်မကျဘူးပေါ့။ အဲ့ဒါမျိုး ရှိတယ်။”

အဆိုတွေကို ကြားဖြတ်ဝင်ရောက် ဆွေးနွေးတဲ့ ကိုယ်စားလှယ်ရဲ့ အမည်ကို သတင်းစာမှာ မဖော်ပြခဲ့ဘူးလို့လည်း ဆိုပါတယ်။

“မနေ့ကဆိုရင် ဦးစောသိန်းအောင်က ၀င်ပြီးတော့ ထောက်ခံတယ်။ ဒါပေမယ့် ဒီနေ့ထုတ် သတင်းစာတွေမှာတော့ သူ့နာမည်မပါဘူး။ သူတို့ အရင်ရွေးချယ်ထားတဲ့ လူတွေပဲ စာရင်းပါတယ်။ ဦးစောသိန်းအောင်က ကြားဖြတ်တင်လိုက်တာကိုး။ စာရင်းပေးမထားဘူး။ ဒါမျိုးတွေ့ရတဲ့အတွက် ကိုယ်လိုချင်တာကို နေ့ချင်းကြီး အပြီးတင်လိုက်တာမျိုး လုပ်ရိုးလုပ်စဉ်မျိုးကတော့ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေမှာ အခွင့်အရေး နစ်နာတာပေါ့ဗျာ။”

သက်တမ်းတနှစ်ရှိပြီဖြစ်တဲ့ လွှတ်တော်တွေမှာ အခုလို လုပ်ထုံးလုပ်နည်းတွေနဲ့ ကိုက်ညီမှုမရှိဘဲ ဆုံးဖြတ်ချက်ချမှုတွေကြောင့် လွှတ်တော်တွေအပေါ် အယုံအကြည်ကင်းမှုတွေ ဖြစ်လာနိုင်တယ်လို့လည်း အခြားကိုယ်စားလှယ်အချို့က ဝေဖန်ပြောဆိုနေကြပါတယ်။

ဇန်န၀ါရီလ ၃၁ ရက် လွှတ်တော်သက်တမ်း တနှစ်ပြည့် မြောက်တဲ့ နေ့မှာတော့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ခေါ်ယူကျင်းပနေပြီး ဒီအစည်းအဝေးကနေ ၂၀၁၂-၂၀၁၃ အတွက် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေမူကြမ်းတွေကို ဆွေးနွေးအတည်ပြုဖို့ ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013