အက်ဖ်ဘီအိုင် အကြီးအကဲ ဂျိမ်းကိုမီအား ရာထူးမှ ရုတ်တရက်ဖယ်ရှား

ဓာတ်ပုံ - ရိုက်တာ
447
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အက်ဖ်ဘီအိုင် အကြီးအကဲ ဂျိမ်းကိုမီကို မေလ ၉ ရက်နေ့မှာ ရာထူးကနေ ရုတ်တရက် ဖယ်ရှားလိုက်ပါတယ်။
ကိုမီဟာ အက်ဖ်ဘီအိုင်ကို ထိထိရောက်ရောက် ဦးဆောင်မှုမပေးနိုင်တာကြောင့် ရာထူးကနေ အနားပေးလိုက်တာလို့ ဆိုပါတယ်။
ကိုမီဆီကိုပေးပို့တဲ့ သမ္မတရဲ့စာထဲမှာ ရှေ့နေချုပ် ဂျက်ဖ် ဆက်ရှင်းစ်ရဲ့ အတည်ပြု ထောက်ခံချက်နဲ့ ကိုမီကို ရာထူးကနေ ဖယ်ရှားလိုက်တယ်လို့ ဖော်ပြထားပါတယ်။
ကိုမီဟာ သမ္မတ အိုဘားမားရဲ့  ပထမသက်တမ်းအတွင်း နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့တဲ့ ဟီလာရီကလင်တန်က ကိုယ်ပိုင်အီးမေးလ်ဆာဗာ အသုံးပြုခဲ့တဲ့အမှုကို ကိုင်တွယ်ခဲ့သူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ကိုမီက ဒီအမှုကို တရားမစွဲဘဲ ပိတ်သိမ်းသင့်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
အဲဒီနောက် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲကျင်းပဖို့ ၁၁ ရက်အလိုမှာ အမှုနဲ့ပတ်သက်လို့ သဲလွန်စအသစ်တွေ ထပ်ပေါ်လာတာကြောင့်ဆိုပြီး ပြန်စုံစမ်းမယ်လို့ ကြေညာခဲ့ပြန်ပါတယ်။
အက်ဖ်ဘီအိုင်ရဲ့ ဒီဆုံးဖြတ်ချက်ကြောင့် ဟီလာရီကလင်တန် ရွေးကောက်ပွဲ ရှုံးရတာလို့ ဒီမိုကရက်တွေဘက်က ယုံကြည်ကြပါတယ်။
ရာထူးကနေ အဖြုတ်ခံလိုက်ရတဲ့ ကိုမီဟာ ပြီးခဲ့တဲ့နှစ် အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားရဲ့ စွက်ဖက်မှုတွေ ရှိ မရှိနဲ့ ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်စည်းရုံးရေးတွေမှာ ရုရှားနဲ့ လျှို့ဝှက်ပူးပေါင်းမှုတွေ ရှိသလားဆိုတာကိုလည်း ဦးဆောင်စုံစမ်းခဲ့သူ ဖြစ်ပါတယ်။