DVB Logo
Home
ဆောင်းပါး
အဖေတို့ခေတ်နဲ့ ခုခေတ်
DVB
·
January 31, 2012
Donate to DVB

နအဖေတို့ခေတ်က ပစ္စည်းတခုကို တာရှည်သုံးတာကို ဂုဏ်ယူတယ်ဗျ။ အဖေ့အင်္ကျီ ဆိုရင်  နှစ်၂၀ ရှိပြီ။ အဖေ့တိုက်ပုံက ၁၅ နှစ်တဲ့။ အဖေ့နာရီက နှစ် ၃၀။ အဖေ့ပစ္စည်းတွေဟာ ဟောင်းပေမယ့် မနွမ်းဘူးလို့ အဖေဂုဏ်ယူတယ်။ အဲဒီခေတ်က Sentimental ခေတ်ပါ။

သမားရိုးကျအလုပ်ကိုပဲ လုပ်မယ်။ သမားရိုးကျပုံစံနဲ့ပဲ နေထိုင်လုပ်ကိုင် စားသောက်ကြတယ်။ အဖေဟာ သူမွေးတဲ့အရပ်မှာပဲ သူနေတယ်။ သူ့မွေးရပ်မှာပဲ သေတယ်။

အဖေ့ အဖေ ကျနော်တို့ အဖိုးဟာလည်း ဒီလိုပါပဲ။  သူမွေးတဲ့အရပ်မှာပဲ သူနေတယ်။ သူ့မွေးရပ်မှာပဲ သေတယ်။ ကျနော်တို့နိုင်ငံမှာ ကားဟောင်းတွေ၊ ကားအိုကားပျက်ကြီးတွေ စစ်ကျန် ဒေါ့ဂျစ်တွေ အများကြီးပါ။ ဒါဟာ တကယ်တော့ ဂုဏ်ယူစရာပါ။ ကျနော်လည်း ဂုဏ်ယူပါတယ်။ ဂုဏ်ယူစရာဆိုတာ သိတယ်မဟုတ်လား။ ပြတိုက်လို နေရာတွေမှာ သိမ်းထားဖို့ပါ။ တနှစ်တခါ ပြိုင်ပွဲဝင်လို့လည်း ရတယ်။ ဒါပေမယ့် စီးဖို့အတွက်တော့ မသင့်တော်ဘူး။ လူတွေအတွက် အန္တရာယ်ရှိတယ်။ မိမိလည်း အန္တရာယ်ရှိတယ်။ နောက်လူလည်း အန္တရာယ်ရှိတယ်။ တတိယလူအတွက်လည်း အန္တရာယ်ရှိတယ်။ ပတ်ဝန်းကျင်ကိုလည်း ညစ်ညမ်းစေတယ်။ ဘတ်စ်ကားလှလှလေးတွေနဲ့ Express ကားလှလှတွေနဲ့ စိတ်ချလက်ချ ခရီးသွားရတာ မကောင်းပေဘူးလား။

အဲဒီခေတ်က ကားနည်းနည်းလေးရယ်။ ယနေ့ခေတ်မှာ  ကားအသစ်တွေ အများကြီး ထုတ်တယ်။ ကားကုမ္ပဏီတွေဟာ နေ့စဉ်  ကားထောင်ပေါင်းများစွာကို ထုတ်လုပ်နေကြတယ်။ ကား သန်းပေါင်းများစွာ လမ်းပေါ်မှာ ပြေးနေကြတယ်။ ဒီကားတွေကို ယောက်ျား မိန်းမ မောင်းတယ်။ ခြေထောက်မရှိတဲ့သူတွေ မောင်းလို့ရတဲ့ ကားလည်း ရှိတယ်။ လက်ပြတ်နေတဲ့သူတွေ မောင်းလို့ရတဲ့ ကားတွေလည်း ရှိတယ်။ သုံးဘီးကားရှိတယ်။ လေးဘီးကားရှိတယ်။ ၁၆ ဘီးကားလည်း ရှိတာပါပဲ။

ကမ္ဘာကြီးရဲ့ တိုးတက်ပြောင်းလဲမှုတွေကို လူတွေ မျက်ဝါးထင်ထင် မြင်နေရတယ်။

မြန်မာနိုင်ငံမှာ ကားဟောင်းရှိသူက ကားအသစ်လိုချင်ရင် ကားဟောင်းကို အပ်လိုက်တဲ့အခါ ပါမစ်ရတယ်။ တကယ်တော့ ဒီလုပ်ရပ်ဟာ မမှန်ကန်ပေမယ့် ကားတွေ အဆမတန် ဈေးတွေကြီးနေတဲ့ မြန်မာနိုင်ငံမှာ အဆင်ပြေသလို ဖြစ်သွားတယ်။ မမှန်ကန်တဲ့ လုပ်ရပ်ဟာာ တချိန်မှာ ဒုက္ခရောက်တတ်တယ်။ ပြဿနာတွေ တက်တတ်ပါတယ်။ ဘာကြောင့်မမှန်ကန်ဘူးလို့ ပြောရလဲဆိုတော့ မြန်မာနိုင်ငံမှာ ဓာတ်ဆီတွေကို အကန့်အသတ်နဲ့ ပေးတယ်။ ဒီဓာတ်ဆီကို ဈေးနှုန်းသက်သာစွာနဲ့ ရနိုင်ဖို့ ဆီစာအုပ်လိုတယ်။ ကားတစီးမှာ ဆီစာအုပ်တအုပ်ဆိုရင် အလုပ်လုပ်တဲ့ လူတယောက်လောက် ၀င်ငွေရှိတယ်။

ဒီတော့ လုပ်ငန်းရှင် အညံ့စားတွေဟာ ကားစုတ်ကားဟောင်းတွေကို ဈေးပေါပေါနဲ့ ၀ယ်ပြီး ဆီထုတ်ရောင်းတယ်။ ဒီအချိန်မှာပဲ ကားဟောင်းရှိတဲ့သူတွေ ကားအပ်ရင် ကားဝယ်ခွင့် ပါမစ်ထုတ်ပေးမယ်လို့ အစိုးရက ကြေညာတယ်။

ဒီတော့ ဓာတ်ဆီမှောင်ခို ထုတ်ရောင်းတဲ့သူတွေ ပွသွားတာပေါ့။ သူတို့ ၅ သိန်း ၁၀ သိန်းနဲ့ ၀ယ်ထားတဲ့ကားတွေဟာ သိန်း ၁၀၀ လောက် ရသွားတော့တယ်။ တကယ် ကြိုးစားပမ်းစားနဲ့ နိုင်ငံတာဝန်ကို သစ္စာရှိရှိနဲ့ ထမ်းတဲ့ ၀န်ထမ်းတဦးဟာ ဒီလောက်ငွေကို အိပ်မက်တောင် မက်လို့မရဘူး။ အဖေတို့ ခေတ်တွေမှာ ဒါမျိုးတွေ မရှိဘူး။ ဘယ်သူမှ အလုပ်မလုပ်ဘဲ အချောင်မရဘူး။

အဖေတို့ခေတ်က ဘာမှမလုပ်ဘဲ ချမ်းသာသွားတဲ့သူတွေ မရှိသလို မဟုတ်တာလုပ်ရင်း ပွပေါက်တိုးသွားတယ်ဆိုတာ မကြားဖူးပါဘူး။ တကယ်တော့ အဖေတို့ခေတ်မှာ ကွန်ပျူတာတော့ မရှိခဲ့ဘူး။ ယနေ့ ကွန်ပျူတာတွေလည်း အများကြီးပါပဲ။ သန်းထောင်ပေါင်း များစွာ ထုတ်နေတယ်။

သဘာဝပတ်ဝန်းကျင် ရှုထောင့်ကနေကြည့်ရင် ကားကမှ တော်သေးတယ်။ ဘာကြောင့်လဲဆိုတော့ ကား ဆိုတာ တနှစ်တခါမှ မော်ဒယ်အသစ်ပေါ်တာ။ ၀င်းဒိုးအသစ်တွေ မကြာခဏ ပေါ်တယ်။ မော်ဒယ်တွေ ပြောင်းတယ်။ ဒီခေတ်လောက် အသစ်တွေ ပေါ်တဲ့ခေတ် မရှိသေးဘူး။ မော်ဒယ်အသစ်တွေဟာ နေ့စဉ်ဈေးကွက်ထဲ ၀င်နေတယ်။

ကွန်ပျူတာတွေလိုပါပဲ။ လက်ကိုင်ဖုန်းတွေကလည်း အမြဲတစေ အသစ်တွေ ပေါ်နေတယ်။ ဒီလိုဆိုတော့ ထောင်ပေါင်းများစွာသော လူတွေဟာ အလုပ်ရ နေကြပါတယ်။ တီထွင်သူ ပါရဂူများ၊ ပညာရှင်များလည်း နေ့စဉ် စဉ်းစား နေကြတယ်။ လူတွေ ဘာကြိုက်သလဲ၊ ဘာတွေလုပ်ပေးလိုက်ရင် အဆင်ပြေမလဲ၊ ဘယ်အရောင်တွေက ပိုပြီးကောင်းမလဲ။

လူတွေက သူတို့အကြိုက်တွေကို ရွေးပြီးသုံးနိုင်တဲ့ခေတ်ပေါ့။ ဒါပေမယ့် ပစ္စည်းတွေ အသစ်ထုတ်တာကတော့ ပတ်ဝန်းကျင်ကို ညစ်ညမ်း စေတာပါပဲ။ ပစ္စည်းအသစ်တွေထုတ်တိုင်း စွမ်းအင်လိုတယ်။

ခေတ်ရဲ့ လိုအပ်ချက်အရ လောင်စာတွေကို   ပေါပေါများများ ထုတ်လုပ် သုံးစွဲလာတယ်။ သဘာဝကရတဲ့ ပစ္စည်းတွေကို အကန့်အသတ်မဲ့ သုံးလာကြတာ ကြာပါပြီကော၊ ခုတော့ သစ်တောတွေလည်း ပြောင်ပြီ။ ရေနံတွင်းတွေလည်း ခန်းစပြုလာပြီ။ ဒီအတွက် မြေပြင်မှာ ရှားသွားတဲ့ သယံဇာတတွေအစား ဝေဟင်မှာ ကာဗွန်ဒိုင်အောက်ဆိုင်တွေ ရောက်လာလေတော့တယ်။

အဖေတို့ ခေတ်လိုမျိုးက လူတွေမရှိတော့သလို Sentimental ခေတ်ကို ဘယ်တော့မှ ပြန်မရောက်နိုင်တော့ပါဘူး။ သမိုင်းဆိုတာ တပတ်လည် တတ်တယ်တဲ့။

History repeats itself ဆိုပေမယ့် ဒီတခါ သမိုင်းဟာ ကမ္ဘာကြီးကို ကျောခိုင်းသွားပြီလားပဲ။ ကျနော်တို့ သားသမီးတွေအားလုံး အသစ်ကိုပဲ သုံးနေကြတယ်။ ပစ္စည်းဟောင်းတွေကို သုံးတဲ့ခေတ်တော့ မရောက်နိုင်တော့ပါဘူး။ အသစ်တွေသုံးတဲ့ လူသားတွေကြောင့် ကမ္ဘာကြီးပူနွေးလာမှုကို ထိန်းရသိမ်းရ ပိုခက်ခဲမှာကို စိုးရိမ်မိပါကြောင်း တင်ပြအပ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013