A d v e r t i s e m e n t With Us

အသားစားကြူးတဲ့ ဘီလူးကြီးများကို ထိန်းချုပ်ပါ

  ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာ စွယ်တော်ဘုရား အရှေ့ဘက်မှာရှိတဲ့ စွယ်တော်ပွဲရုံတန်းက ဂိုဒေါင်တခုထဲမှာ ပေါက်ကွဲစေတတ်တဲ့ အမိုနီယမ် နိုက်ထရိတ်ဆိုတဲ့ ဓာတုဗေဒပစ္စည်းတွေ ထည့်ထားတဲ့  အိတ်ပေါင်း ၃၆၀၀ ကို သက်ဆိုင်ရာက ရှာဖွေတွေ့ရှိခဲ့တဲ့ သတင်းကို DVB-TV News သတင်းမှာ ဖတ်လိုက်ရပါတယ်။ အမိုနီယမ်နိုက်ထရိတ်ဟာ  ကျောက်မိုင်းတွေ၊ ရွှေတွင်းတွေအတွက် မိုင်းခွဲရာမှာ အများဆုံးအသုံးပြုကြပြီး လက်လုပ်မိုင်းအဖြစ်လည်း သုံးစွဲလို့ရတဲ့ ဓာတုဗေဒကုန်ကြမ်းတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် သတင်းပေးသူတွေ၊ ရှာဖွေဖမ်းဆီးတဲ့အဖွဲ့တွေကိုလည်း ကျေးဇူးတင်မိပါတယ်။ အစိုးရကိုလည်း အထူးကျေးဇူးတင်ပါတယ်။ ဘယ်သူ့ကိုမှ အထိအခိုက်မဖြစ်ခင် ဖမ်းမိတာ သိပ်ကို ကံကောင်းလွန်းပါတယ်။ ဒါဟာ တာဝန်ရှိသူတွေအတွက် နောက်ထပ် အချက်ပေးသံ (Another Wake Up Call) လို့ အလေးအနက် မှတ်ယူရမှာလည်း ဖြစ်ပါတယ်။ တကယ်တော့ အဲဒီ အမိုနီယမ်နိုက်ထရိတ်လို အန္တရာယ်အဆင့် မြင့်မားတဲ့ ဓာတုဗေဒ ကုန်ကြမ်းအမျိုးအစားဖြစ်တဲ့ အမိုနီးယမ်းကလိုရိုက်(ဇဝက်သာ)နဲ့ ဆိုဒီယမ်နိုက်ထရိတ် (ယမ်းစိမ်း)တွေကြောင့် အတိတ်ကာလက မြန်မာနိုင်ငံမှာ ကြီးမားတဲ့ မီးလောင်ပေါက်ကွဲမှုကြီးတရပ် ဖြစ်ပွားခဲ့ဖူးပါတယ်။ မှတ်မိကြဦးမှာပါ။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက် ၂ နာရီလောက်မှာ မီးလောင်ပေါက်ကွဲမှုတခု မင်္ဂလာတောင်ညွန့် စက်ဆန်းမှာရှိတဲ့ ဘယဆေးဂိုဒေါင်မှာ ဖြစ်ပွားခဲ့ပါတယ်။ မဖြစ်သင့်တဲ့ အဲဒီ မတော်တဆ ပေါက်ကွဲမှုကြီးဟာ အနီးနားအိမ်က အပြစ်မဲ့ပြည်သူတွေနဲ့ မီးသတ်သမားတွေ အပါအဝင် ၁၅ ဦးထက်မနည်းတဲ့ လူ့အသက်တွေကို ဆွဲနုတ်ယူသွားရုံတင်မကဘဲ လူဒါဇင်ပေါင်း များစွာကို ဒဏ်ရာရစေခဲ့သလို အိုးအိမ်များစွာလည်း ပျက်စီးစေခဲ့ပါတယ်။ အဲဒီဖြစ်စဉ် သုံးသပ်ကြည့်မယ်ဆိုရင် ဘယဆေးဂိုဒေါင်မှာ မီးလောင်တော့ အမိုနီယမ်ကလိုရိုက်(ဇဝက်သာ)နဲ့ ဆိုဒီယမ်နိုက်ထရိတ်(ယမ်းစိမ်း)တွေဟာ မီးသတ်သမားတွေရဲ့ ဖြန်းပက်လို့ ကျလာတဲ့ ရေစီးတွေနဲ့အတူ  ရောသွားခဲ့တာပါ။ အဲဒီ အရောအနှောတွေဟာ မီးလျှံမီးတောက်တွေထဲမှာ ဓာတ်ပြုပြီးတော့ အမိုနီယမ်နိုက်ထရိတ် ဖြစ်သွားတဲ့အခါ  ပေါက်ကွဲအား အင်မတန်ပြင်းထန်တဲ့ ဗုံးသဘောမျိုး ဖြစ်လာခဲ့ရတာပါပဲ။ အမိုနီယမ်နိုက်ထရိတ်၊ အမိုနီယမ်ကလိုရိုက်(ဇဝက်သာ)နဲ့ ဆိုဒီယမ်နိုက်ထရိတ် (ယမ်းစိမ်း) စတဲ့ အန္တရာယ်အဆင့် မြင့်မားတဲ့ ကုန်ကြမ်း (Hazardous Material) တွေဆိုတာ သိုလှောင်မှု၊ ရောင်းဝယ်မှု၊ ပမာဏများစွာ သုံးစွဲမှုဆိုတာ လိုင်စင်နဲ့သာ ခွင့်ပြု လုပ်ကိုင်ရတဲ့ ကန့်သတ်လုပ်ငန်းမျိုး ဖြစ်ပါတယ်။ ဒီလိုလုပ်ငန်းမျိုးကို လုပ်ကိုင်တဲ့ လုပ်ငန်းရှင်တွေ လိုက်နာဖို့ ဥပဒေနဲ့ နည်းဥပဒေတွေ တိတိကျကျရှိနေမယ်၊ မဖြစ်မနေ လိုက်နာဖို့ စောင့်ကြပ်ထိန်းကျောင်းမှုတွေလည်း ရှိနေမယ်၊ ဘယ်လို အန္တရာယ်အဆင့် မြင့်မားတဲ့ ကုန်ကြမ်း (Hazardous Material) မျိုးတွေ သိုလှောင်ထားတယ်၊ အရေအတွက် ဘယ်လောက်ရှိတယ် ဆိုတာကို… လုပ်ငန်းရှင်တွေကနေ မီးသတ်ဦးစီးဌာန အစရှိတဲ့ အာဏာပိုင်အဖွဲ့အစည်း အဆင့်ဆင့်ကို အကြောင်းကြား အစီရင်ခံစာပို့ထားခဲ့မယ်ဆိုရင် အဲဒီလို အသေအပျောက် ကြီးမားတဲ့ ပေါက်ကွဲမှု မဖြစ်ပွားနိုင်ပါဘူး။ ဘာကြောင့်လို့လဲဆိုတော့ အကြောင်းကြားထားမယ်ဆိုရင် မီးသတ်သမားတွေဟာ “ရေ” ကို မီးငြှိမ်းသတ်ဖို့ ပစ္စည်းအဖြစ် ရွေးချယ်မှာ မဟုတ်လို့ပါဘဲ။ “တီရန်ကျင်းက အမိုနီယမ်နိုက်ထရိတ် ပေါက်ကွဲမှု” မြန်မာနိုင်ငံနဲ့ဖြစ်စဉ် တူပေမယ့် ပိုမိုပြင်းထန်တဲ့ မီးလောင်ပေါက်ကွဲမှုကြောင့် ကမ္ဘာကျော်သွားရတဲ့ တရုတ်နိုင်ငံ တီရန်ကျင်းပြည်နယ် ကုန်သေတ္တာလှောင်စခန်းမှာ ၂၀၁၅ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့မှာ ပေါက်ကွဲမီးလောင်ပြီး လူပေါင်း ၁၇၃ ယောက် အသက်ဆုံးပါးခဲ့တဲ့ မတော်တဆမှုဟာ.. အမိုနီယမ်နိုက်ထရိတ်(Ammonium nitrate) ဆိုတဲ့ အန္တရာယ်အဆင့် မြင့်မားတဲ့ ဓာတုဗေဒကုန်ကြမ်း တန် ၈၀၀ ကျော်အပြင် တခြား ကလ်စီယမ်ကာဘိုက် (calcium carbide), ဆိုဒီယမ်နိုက်ထရိတ် (sodium nitrate), နဲ့ ပိုတက်စီယမ် နိုက်ထရိတ် (potassium nitrate) တွေကို ဥပဒေစည်းကမ်း မလိုက်နာဘဲ ရောင်းဝယ်သိုလှောင်တာကြောင့် ဖြစ်ခဲ့ရတာပါ။ ကုန်သေတ္တာလှောင်ခန်းထဲက အပူလွန်လာတဲ့ Dry Nitrocellulose နိုက်ထရိုဆဲလူလို့စ် အခဲခြောက်တွေကစပြီး မီးလောင်လာရာက မီးသတ်ကားတွေနဲ့ မီးသတ်သမားတွေ ရောက်လာတော့ သတင်းမှန်မရတဲ့အခါ မသုံးသင့်တဲ့ မီးငြှိမ်းသတ်တဲ့ ပစ္စည်း (Wrong Fire Extinguishing Agent) ဖြစ်တဲ့ "ရေ"နဲ့ ငြှိမ်းသတ်တော့ ရေထိတာနဲ့ ပေါက်ကွဲတဲ့ ကလ်စီယမ်ကာဘိုက်တွေက အုံနဲ့ကျင်းနဲ့ ပေါက်ကွဲတဲ့အခါ မီးသတ်သမား အမြောက်အမြား အသက်ဆုံးရှုံးခဲ့ကြရပါတယ်။ မီးလောင်ရာကနေ တီအဲန်တီ (TNT) ပြင်းအား ၂ ဒသမ ၉ တန်နဲ့ညီမျှတဲ့ ပထမပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပြီးတဲ့နောက် တီအဲန်တီ (TNT) ပြင်းအား ၂၁ ဒသမ ၉ တန်နဲ့ ညီမျှတဲ့ ဒုတိယပေါက်ကွဲမှုဟာ မြေငလျင်ပမာဏ ၂ ဒသမ ၉ ရစ်ချက်တာစကေး မှတ်တမ်းဝင်လောက်အောင် ပြင်းထန်ခဲ့တာရယ် အဆိပ်ငွေ့တွေပါ လွင့်စဉ် ပျံ့လွင့်ခဲ့တာကြောင့် လူပေါင်း ၇၉၇ ယောက် ထိခိုက်ဒဏ်ရာရ 304 buildings, 12,428 cars, and 7,533 intermodal containers were damaged စေခဲ့တာ ဖြစ်ပါတယ်။ ဘီလူးကြီးတွေကို ထိန်းချုပ်ပါ။ ဒီလောက် အန္တရာယ်ကြီးတဲ့ကိစ္စကို ပေါ့ပေါ့တန်တန် ကိုင်တွယ်လို့ မရပါဘူး။ ထိထိရောက်ရောက် စနစ်တကျ အရေးယူဆောင်ရွက်ရမှာပါ။ တည်ဆဲလက်ရှိဥပဒေ၊ နည်းဥပဒေတွေကို ပြန်လည်သုံးသပ်ပြီး လိုအပ်ခဲ့ရင် ဥပဒေတွေကို ပြင်ဆင်ဖြည့်စွက် ပြဋ္ဌာန်းဆောင်ရွက်ကြရမှာပါ။ လတ်တလောအနေနဲ့ တခြားဆက်စပ်ဂိုဒေါင်တွေကိုပါ တဆက်တည်း ဝင်ရောက်စစ်ဆေးမှုတွေ၊ သိုလှောင်ရုံပိုင်ရှင်တွေ၊ လုပ်ငန်းရှင်တွေ၊ စက်ရုံတွေဆီ စာတွေပို့ အကြောင်းကြား သတိပေးတာတွေ၊ ပညာပေးတာတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ လိုပါတယ်။ ဒီလို အသားစားကြူးတဲ့ ဘီလူးကြီးတွေ အန္တရာယ်အဆင့် မြင့်မားတဲ့ ကုန်ကြမ်းပစ္စည်း (Hazardous Material) တွေဆိုတာ နိုင်ငံရပ်ခြားက တင်ပို့မှု၊ သိုလှောင်မှု၊ ရောင်းဝယ်မှု၊ ပမာဏများစွာ သုံးစွဲမှုတွေအတွက် ပါမစ်တွေ၊ လိုင်စင်တွေနဲ့သာ ခွင့်ပြု လုပ်ကိုင်သင့်တဲ့ ကန့်သတ်လုပ်ငန်းမျိုးတွေ ဖြစ်ပါတယ်။ အဖျက်စွမ်းအားကြီးလှတဲ့ ဒီဘီလူးကြီးတွေကို စနစ်တကျ မကွပ်ကဲဘူးဆိုရင် အလွန်အန္တရာယ်ကြီးလှပါတယ်။ လူပေါင်းများစွာ အသက်ကို ဆွဲနုတ်ယူသွားနိုင်သလို အိုးအိမ်ပေါင်းများစွာကို ဖျက်ဆီး ပြာချတတ်ပါတယ်။ စင်ကာပူနိုင်ငံက ဘီလူးထိန်းနည်း ဘေးအန္တရာယ်အဆင့် မြင့်မားတဲ့ ဓာတုကုန်ကြမ်းပစ္စည်း (Hazardous Substances) တွေကို ထိန်းချုပ်ဖို့ စင်ကာပူအစိုးရက သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးနဲ့ စီမံခန့်ခွဲရေးဆိုင်ရာဥပဒေ The Environmental Protection and Management Act (EPMA) နဲ့ ဘေးအန္တရာယ်အဆင့် မြင့်မားတဲ့ ကုန်ကြမ်းပစ္စည်းဆိုင်ရာ စီမံခန့်ခွဲမှု နည်းဥပဒေ The Environmental Protection and Management (Hazardous Substances) Regulations တွေ ပြဋ္ဌာန်းထားတယ်။ ပြီးတော့ ပတ်ဝန်းကျင် ညစ်ညမ်းမှု ထိန်းချုပ်ရေးဌာန Pollution Control Department (PCD) ကို အမျိုးသားပတ်ဝန်းကျင် ထိန်းသိမ်းရေးအေဂျင်စီ The National Environment Agency အောက်မှာ ဖွဲ့စည်းပြီး လူနဲ့ လူ့ဝန်းကျင်ကို အဆိပ်အတောက် ဖြစ်စေ၊ ဘေးအန္တရာယ်အဆင့် မြင့်မားတဲ့ ဓာတုဗေဒကုန်ကြမ်းတွေကို ထိန်းချုပ်စေတယ်။ ဘေးအန္တရာယ်အဆင့် မြင့်မားတဲ့ ဓာတုကုန်ကြမ်းပစ္စည်းစာရင်း (Hazardous Substances List) ကိုလည်း ထုတ်ပြန်ပြီး လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ တိတိကျကျ သတ်မှတ်ပေးထားတယ်။ စင်္ကာပူအစိုးရက နည်းလမ်း ၃ သွယ်နဲ့ လုပ်ငန်းသုံး အန္တရာယ်အဆင့်မြင့် ဓာတုကုန်ကြမ်းတွေကို ထိန်းချုပ်ပါ တယ်။ ၁) ကြိုတင်စီမံမှုနဲ့ ထိန်းချုပ်ခြင်း (Planning control) ၂) လုပ်ငန်းလိုင်စင်နဲ့ ထိန်းချုပ်ခြင်း (Licensing control) ၃) ဥပဒေ အသက်ဝင်အောင် အရေးယူမှု (Enforcement) ၁။ ကြိုတင်စီမံမှုနဲ့ ထိန်းချုပ်ခြင်း အရပ်ဘက်ဖွံ့ဖြိုးရေးလုပ်ငန်းအသစ်တွေ ဖြစ်ဖြစ်၊ စက်မှုစီးပွားစီမံကိန်း ပရောဂျက် အသစ်တိုင်းကို ကြိုတင်ပြင်ဆင်ပုံစံထုတ်တဲ့ ကာလအစပိုင်းမှာကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လိုအပ်ချက်တွေကို မဖြစ်မနေ ထည့်သွင်းစဉ်းစားဆောင်ရွက်ဖို့၊ ပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံး ဖြစ်အောင် စစ်ဆေးတယ်၊ ဖိအားပေး  ဆောင်ရွက်စေတယ်။ ပတ်ဝန်းကျင်ညစ်ညမ်းမှု ထိန်းချုပ်ရေးဌာန (PCD) က အဲဒီ လုပ်ငန်းသစ်တွေဟာ လူတွေအတွက် ဘေးရန်ကင်းဖို့၊ ပတ်ဝန်းကျင်ကို မထိခိုက်စေဖို့၊ စိစစ်အကဲဖြတ်မှု (pollution control assessment)၊ တည်ဆဲဥပဒေ၊ နည်းဥပဒေတွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ ဆိုတာကို စစ်ဆေးတဲ့အခါ အဂတိကင်းကင်း၊ ခြစားမှု၊ လာဘ်ထိုးမှုတွေ လက်မခံဘဲ သေချာအောင် ဆောင်ရွက်ကြတယ်။ အဲဒီလို စိစစ်အကဲဖြတ်ပြီး ကိုက်ညီမှုရှိမှသာ သက်ဆိုင်ရာ လုပ်ငန်းအသစ်တွေကို ယာယီနေရာယူ  ဆောက်လုပ်ခွင့်ပါမစ် Temporary Occupation Permit (TOP) ကို ချပေးဖို့ ထောက်ခံပေးတာ ဖြစ်တယ်။ ဥပမာပြရရင် အန္တရာယ်အဆင့်မြင့် ဓာတုကုန်ကြမ်းတွေကို သိုလှောင်မယ့် ဂိုဒေါင်တွေကို လူနေအိမ်ရာတွေနဲ့ ဘယ်လောက် အကွာအဝေးအတွင်းမှာ တည်ဆောက်ရမယ်ဆိုတဲ့ လိုအပ်ချက်တွေ လိုက်နာမှုရှိအောင် စစ်ဆေးကြတယ်။ ၂။ လုပ်ငန်းလိုင်စင်နဲ့ ထိန်းချုပ်ခြင်း သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနဲ့ စီမံခန့်ခွဲရေးဆိုင်ရာဥပဒေ The Environmental Protection and Management Act (EPMA) နဲ့ မီးဘေးအန္တရာယ် လုံခြုံရေးဥပဒေ (Fire Safety Act) အောက်မှာ လုပ်ငန်းလိုင်စင်နဲ့ ထိန်းချုပ်မှုတွေ ဆောင်ရွက်ကြတယ်။ အဲဒီလို လုပ်ဆောင်ရခြင်း ရည်ရွယ်ချက်က လိုင်စင်မရှိသူတွေ အန္တရာယ်အဆင့်မြင့် ဓာတုကုန်ကြမ်းတွေ လုပ်ကိုင်နိုင်ခွင့်မရှိဖို့နဲ့ မတော်တဆမှုတွေ ဖြစ်ခဲ့ရင်တောင် အထိအခိုက်နည်းအောင်၊ အလွယ်တကူ ထိန်းချုပ်နိုင်အောင် ရည်ရွယ်တာ ဖြစ်ပါတယ်။ အန္တရာယ်အဆင့်မြင့် ဓာတုကုန်ကြမ်းတွေနဲ့ပတ်သက်ရင် ရောင်းဝယ်တင်ပို့ခွင့် လိုင်စင်၊ သယ်ယူပို့ဆောင်ခွင့်  လိုင်စင်၊ သိုလှောင်သိမ်းဆည်းခွင့် လိုင်စင်နဲ့ အသုံးပြုခွင့် လိုင်စင်ဆိုပြီး ခွဲခြားသတ်မှတ်ထားပါတယ်။ အဲဒါအပြင် လိုင်စင်ချပေးဖို့ လိုအပ်ချက်တခုဖြစ်တဲ့ အရေးပေါ်အခြေအနေတွေ၊ မတော်တဆ မီးလောင်မှုတွေ၊ မတော်တဆယိုဖိတ်မှုတွေ ဖြစ်လာခဲ့ရင် လူနဲ့ လူ့ပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင် အကောင်းဆုံး ဘယ်လို တုံ့ပြန်ထိန်းချုပ်မယ်ဆိုတဲ့ ကြိုတင်ပြင်ဆင်ချက်တွေပါတဲ့ အရေးပေါ်တုံ့ပြန်မှု အစီအမံ (Emergency Response Plan) တွေ ရေးဆွဲပြီး ပူးတွဲတင်ပြစေပါတယ်။ ၃။ ဥပဒေ အသက်ဝင်အောင် အရေးယူမှု ပတ်ဝန်းကျင် ညစ်ညမ်းမှု ထိန်းချုပ်ရေးဌာနအရာရှိတွေဟာ ပြဋ္ဌာန်းထားတဲ့ ဥပဒေ၊ စည်းမျည်းစည်းကမ်းတွေနဲ့အညီ အန္တရာယ်အဆင့်မြင့် ဓာတုကုန်ကြမ်းတွေနဲ့ ပတ်သက်တဲ့ ရောင်းဝယ်တင်ပို့မှုတွေ၊ သိုလှောင်ထားရှိမှုတွေ၊ သယ်ယူပို့ဆောင်မှုတွေ၊ သတိပေး အမှတ်အသား သုံးစွဲမှုတွေ၊ စာရင်းဇယား မှတ်တမ်းအထောက်အထား သိမ်းဆည်း ထားရှိမှုတွေဟာ ဥပဒေအတိုင်း လိုက်နာမှု ရှိ၊ မရှိ သိရအောင် လုပ်ငန်းခွင်တွေထဲ၊ စက်ရုံ အလုပ်ရုံ ဂိုဒေါင်တွေထဲထိ ဝင်ရောက်စစ်ဆေးခွင့်၊ စာရင်းအချက်အလက် ယူငင်ကြည့်ခွင့်၊  ရှောင်တခင် စစ်ဆေးခွင့်တွေအတွက် အပြည့်အဝ အာ ဏာအပ်နှင်းပေးထားပါတယ်။ ဥပဒေ ချိုးဖောက်ထားတာ တွေ့ရင် တရားစွဲဆို၊ အရေးယူခွင့်တွေလည်း ပေးအပ်ထားပါတယ်။ ဒီဆောင်းပါးကို နိဂုံးသတ်ရရင်တော့ အသားစားကြူးတဲ့ ဘီလူးကြီးတွေနဲ့တူတဲ့ အန္တရာယ်အဆင့်မြင့် ဓာတုကုန်ကြမ်းတွေဆိုတာ အများပြည်သူတွေကြားမှာ အနှောင်အဖွဲ့ မရှိဘဲ လွှတ်ပေးထားလို့ မဖြစ်ပါဘူး။ စနစ်တကျ ထိန်းချုပ်မှုတွေနဲ့ ကိုင်တွယ်အသုံးချမှသာ အန္တရာယ်ကင်းမှာ ဖြစ်ပါတယ်။ အဲဒီလိုမှ မထိန်းချုပ်ဘဲ လွှတ်ထားမယ်ဆိုရင်တော့ ဘီလူးကြီးတွေရဲ့ ကိုက်ဖြတ်စားသောက်ခြင်းကို မကြာခဏ ခံကြရပြီး အဖိုးတန်တဲ့ လူ့အသက်တွေ ဆုံးရှုံးနေရမှာ ဖြစ်သလို သဘာဝပတ်ဝန်းကျင်လည်း ညစ်ညမ်း ထိခိုက်ပျက်ဆီးစေမှာ ဖြစ်ပါကြောင်း တင်ပြ အသိပေးအပ်ပါတယ်။ မင်းကောင်းချစ် မေလ (၇) ရက်နေ့ ၂၀၁၇ ခုနှစ်

A d v e r t i s e m e n t With Us

More News
Up