Homeမြန်မာသတင်း
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရ ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးမည်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရ ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးမည်
နန်းမြနဒီ
·
January 30, 2012
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရအကြား ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်ရေး ဆွေးနွေးပွဲတွေ ဖော်ဆောင်နေရာမှာ မွန်ပြည်သစ်ပါတီနဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကျရင် မော်လမြိုင်မှာ ဆွေးနွေးမှာ ဖြစ်ပါတယ်။
မွန်ပြည်သစ်ပါတီက အစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မော်လမြိုင်မှာ တွေ့ဆုံဆွေးနွေးဖို့ ဒီကနေ့ သံဖြူဇရပ်ကို ထွက်ခွာသွားပါတယ်။
ပါတီ ဒုဥက္ကဋ္ဌ နိုင်ရော့စ ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၇ ဦးပါ ကိုယ်စားလှယ်တွေ ပါဝငပြီး အစိုးရဘက်က ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ပြည်ထောင်စုအဆင့် ဆွေးနွေးမှာဖြစ်ပါတယ်။
ဒီတွေ့ဆုံပွဲမှာ တနိုင်ငံလုံးငြိမ်းချမ်းရေးနဲ့ ထောင်သွင်းအကျဉ်းချခံနေရတဲ့ မွန်နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုသွားမယ်လို့ မွန်ပြည်သစ်ပါတီက ပြောပါတယ်။
မွန်ကိုယ်စားလှယ်အဖွဲ့ကို သံဖြူဇရပ်မြို့က မွန်ဒေသခံတွေက သောင်းသောင်းဖြဖြ ကြိုဆိုကြပါတယ်။
ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေး အဖွဲ့ကို အစိုးရဘက်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ ဒုဥက္ကဋ္ဌ ဦးသိန်းဇော်က ဒီလ ၂၃ ရက်နေ့မှာ ကမ်းလှမ်းခဲ့တဲ့အပေါ် ပါတီအနေနဲ့ ကြိုဆိုတယ်လို့ ပါတီ ဒုတိယဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင်က ပြောပါတယ်။
“ကျနော်က ၂၇ ရက်နေ့ ရက်စွဲနဲ့ အဲဒီအကြောင်းကို ပြန်ကြားလိုက်တယ်။ ကျနော်တို့ တွေ့ဆုံဆွေးနွေးဖို့ သဘောထားရှိတယ်။ ကြိုဆိုတယ်။ ဒါပေမယ့် ကျနော်တို့ အဖွဲ့အတွင်းမှာ အရင် ဆွေးနွေးဖို့ လိုတယ်။ ဆွေးနွေးပြီးတဲ့ အချိန်မှ ဆက်ဆွေးနွေးမယ့် အချိန်ရယ်၊ ဆွေးနွေးမယ့် ကိုယ်စားလှယ်ရယ်၊ နေရာရယ် ကျနော်တို့ အကြောင်း ပြန်ကြားပါမယ်လို့ ပြန်ပြောလိုက်တယ်။”
ဒီကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်သူတွေရဲ့ သဘောထားတွေလည်း ကောက်ယူဖို့ ရှိသေးတယ်လို့ ကိုစိုးနိုင်အောင်က ဆက်ပြောပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေး ပါတီဘက်ကလည်း အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ အဖွဲ့ဝင် ၇ ဦးပါ ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းထားပြီး ဒီလာမယ့် ဖေဖော်ဝါရီလ ပထမပတ်ထဲမှာ ရထားဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့နဲ့ ဆွေးနွေးဖွယ် ရှိပါတယ်။
ကရင်နီပြည်သူဘက်က လိုလားချက်ကို ဦးစားပေး ဆွေးနွေးသွားမှာဖြစ်တဲ့အတွက် လောလောဆယ် လူမှုအဖွဲ့အစည်းတွေနဲ့ လက်လှမ်းမီသလောက် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးနေပြီး တပြည်လုံးအပစ်အခတ်ရပ်ဖို့ အဓိကထား တောင်းဆိုမယ်လို့ ပါတီပြောခွင့်ရ အတွင်းရေးမှူး ၁ ခူးဦးရယ်က ပြောပါတယ်။
အစိုးရဟာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နဲ့ ဒီလ ၁၂ ရက်နေ့က ဘားအံမြို့ ဆွေးနွေးပွဲမှာ အပစ်အခတ်ရပ်ထားဖို့ ပဏာမ သဘောတူညီချက် ရခဲ့ပြီး အပစ်ရပ်ထားပါတယ်။
ကေအန်ယူဘက်က တင်ပြတဲ့ တနိုင်ငံလုံး အပစ်ရပ်ရေးအပါအဝင် ၁၁ ချက် ကိုလည်း ဆွေးနွေးဖို့ သဘောတူခဲ့သလို နှစ်ဘက်အကြား ၄၅ ရက်အတွင်း ထပ်တွေ့ဆုံဆွေးနွေးဖို့ သဘောတူထားပါတယ်။
ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (ရှမ်းပြည်တိုးတက်ရေးပါတီ)နဲ့ ဒီလ ၂၈ ရက်နေ့ တောင်ကြီးမြို့ တွေ့ဆုံဆွေးနွေးပွဲမှာလည်း အစိုးရနဲ့ ပါတီအကြား အပစ်ရပ် သဘောတူလက်မှတ် ထိုးနိုင်ခဲ့ပါတယ်။
ဗိုလ်မှူးကြီး ယွက်စစ်ဦးဆောင်တဲ့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)နဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ အခုလ ၁၆ ရက်နေ့ တောင်ကြီးမြို့တွေ့ဆုံပွဲမှာ အပစ်အခတ်ရပ်စဲရေးအပါအဝင် အချက် ၁၁ ချက် ကို သဘောတူ လက်မှတ်ထိုးနိုင်ခဲ့ပါတယ်။
နအဖစစ်ကောင်စီဟာ လွှတ်တော်တွေမပေါ်ပေါက်ခင် အစိုးရသစ် ပေါ်လာကာနီး တနှစ်ခန့်အကြာမှာ အပစ်အခတ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး၊ ပြည်သူ့စစ်အသွင်ပြောင်းရေး၊ လက်နက်ချရေးစတာတွေ တောင်းဆိုတာကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ရထားပြီးသား အပစ်အခတ်ရပ်စဲရေးတွေ ပျက်ပြယ်ခဲ့ပါတယ်။
အစိုးရသစ်လက်ထက်မှာ အပစ်အခတ်ရပ်စဲရေး ပြန်လည်ကြိုးပမ်းမှုဖြစ်ပြီး အရင်တုန်းက တွေ့ဆုံရေး မကမ်းလှမ်းဖူးတဲ့ ကျောင်းသားတပ်မတော်လို ဒီမိုကရေစီ အင်အားစုတွေကိုပါ တွေ့ဆုံဖို့ ကမ်းလှမ်းလာပါတယ်။