မိတ္ထီလာမြို့တွင် တနေ့တည်း ကြိုးဆွဲချသေဆုံးမှု ၂ ခုဖြစ်ပွား
DVB
·
May 9, 2017
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့မှာ မေလ ၈ ရက်နေ့ တရက်တည်းမှာပင် ကြိုးဆွဲချသေဆုံးမှု ၂ ခု ဖြစ်ပွားခဲ့တယ်လို့ မိတ္ထီလာမြို့ အမှတ် ၂ နယ်မြေရဲစခန်းက ပြောပါတယ်။
မိတ္ထီလာမြို့ သီရိမင်္ဂလာရပ် နယ်မြေ ၁၃ နေ ခိုင်ထူး ခေါ် ဟိုစိုင်း ဟာ နေအိမ် ရေလောင်းအိမ်သာတွင်း ကြိုးဆွဲချသေဆုံးမှုနဲ့ ကဖြူအုပ်စု သပြေရွာနဲ့ ၁ မိုင်အကွာ ယာကွက်ထဲက ထန်းပင်မှာ အမည်နေရပ်မသိတဲ့ အသက် ၃၅ နှစ်လောက်ရှိတဲ့ အမျိုသား ၁ ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့တာပါ။
စခန်းမှူး ရဲအုပ်ခင်မောင်ဦး က “နေအိမ်နဲ့ တွဲထားတဲ့ ရေလောင်းအိမ်သာတွင်း အမြင့် ၆ ပေကျော်ရှိတဲ့ မီးသီးချိတ်သံချောင်းကို အစိမ်းရောင် နိုင်လွန်ကြိုးချည်ပြီး ခိုင်ထူး ကြိုးဆွဲချသေဆုံးမှု ဖြစ်တယ်။ ပြီးတော့ ထန်းပင်အမြင့် ၂၁ ပေကျော်ရှိတဲ့ ထန်းလက်မှာ အပြာရောင်ရေပိုက်ပျော့နဲ့ ကြိုးဆွဲချသေဆုံးမှု ဖြစ်တယ်။ အမည်နေရပ်စုံစမ်းဆဲပါပဲ”လို့ ပြောပြပါတယ်။
ခိုင်ထူးရဲ့ ဖခင်ဦးအောင်ကျော် က “ခိုင်ထူးက မူးယစ်ဆေးဝါးရဲ့ သားကောင်ဖြစ်နေတယ်။ ဆေးကြောင်ကြောင်နေတယ်။ မူးယစ်ဆေးရဲ့ဆိုးကျိုးပေးသွားတဲ့ အဖြစ်ပါ”လို့ ပြောပါတယ်။
သပြေရွာဒေသခံ ၁ ဦး က “ထန်းပင်ရင်းမှာ သဲကြိုးအနီတပ် ရာဘာဖိနပ်တရံ တွေ့တယ်။ အပြာရောင်ဂတ်မီးခြစ်တစ်လုံးနဲ့ ဘီလူးမောင်းတိန်း အအေးဗူးခွံတခု တွေ့တယ်။ အနီးအနား ပတ်ဝန်းကျင်ရွာကတော့ မဟုတ်ဘူး”လို့ ပြောပါတယ်။
မိတ္ထီလာမြို့ အမှတ် ၂ ရဲစခန်းမှာ ခိုင်ထူး ခေါ် ဟိုစိုင်းကို သေမှုသေခင်း အမှတ်စဉ် ၃/၂၀၁၇ အမည်မသိ သပြေရွာက ကြိုးဆွဲချမှုကိုလည်း သေမှုသေခင်း အမှတ်စဉ် ၄/၂၀၁၇ နဲ့ အမှုဖွင့်ပြီး ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်၊ မဟုတ်စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)