ဖားကန့်-မိုးညှင်းလမ်းတွင် စစ်တပ်က ငွေကောက်

4.6K
ကချင်ပြည်နယ် ဖားကန့်-မိုးညှင်းလမ်းမကြီးအပေါ်မှာ နယ်မြေခံတပ်မတော် တပ်ရင်းတခုက ငွေကြေးကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အရင်က ပိတ်ထားခဲ့တဲ့ ဖားကန့်လမ်းကို ပြန်ဖွင့်လိုက်ပြီးတဲ့နောက် အင်းတော်ကြီးကန်အနီး လုံးတုံကျေးရွာအခြေစိုက် တပ်ရင်း ၅၂၁ က ငွေကောက်ခံနေလို့ သွားလာရ ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီလ ၁၀ ရက်နေ့ကနေ စတင် ကောက်ခံနေတာဖြစ်ပြီး ခရီးသည်တင် ကားတစီးကို ကျပ် ၃,၀၀၀ နဲ့ မော်တော်ဆိုင်ကယ် တစီးကို ကျပ် ၁,၀၀၀ ကောက်ခံနေတယ်လို့ ဖားကန့်ဒေသခံတဦးက ပြောပါတယ်။
“အခုဟာက ဖားကန့်မှာ အဆင်မပြေလို့ ပြန်သွားကြရတဲ့ လူတွေပေါ့။ တိုက်ပွဲဖြစ်မှာစိုးရိမ်လို့ ပြန်တဲ့လူတွေက များတယ်ဆိုတော့ အဲဒါကိုမှ ၅၂၁ တပ်ရင်းမှူးကြီး ဒု-ဗိုလ်မှူးကြီး အောင်လွင်ဆိုတဲ့လူက ဆိုင်ကယ်တစီးကို ၁,၀၀၀ ကောက်တယ်။”
ဒေသခံ ဆိုင်ကယ်သမားတွေကိုလည်း ဖြတ်သွားတိုင်း ငွေကျပ် ၁,၀၀၀ တောင်းပြီး ငွေကောက်ခံထားတဲ့ လတ်မှတ်လည်း ထုတ်မပေးတဲ့အတွက် အဆင်မပြေဘူးလို့ ဆိုပါတယ်။
ကချင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် အရင်ရက်ပိုင်းက ဖားကန့်က ကျောက်တူးနေတဲ့သူ အတော်များများဟာ ထွက်ပြေးခဲ့ကြပါတယ်။ အရင် ရက်ပိုင်းကလည်း ဖားကန့်ကို သွားရောက်တဲ့ ကားလမ်း ပိတ်ထားတဲ့အတွက် ဖားကန့်မှာ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်ခဲ့ပါတယ်။