မန်တုံမြို့နယ်တွင် တပ်မတော်နှင့် တအာင်းအဖွဲ့ ၁ ရက်တွင်း တိုက်ပွဲ ၄ ကြိမ် ဖြစ်
DVB
·
May 9, 2017
ရှမ်းပြည်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်မှာ တပ်မတော်နဲ့ တအာင်းအဖွဲ့တို့ မေ ၈ ရက်နေ့ တရက်အတွင်း တိုက်ပွဲ ၄ ကြိမ်တိတိ ပြန်လည်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲများမှာ ဘောဟိုစန်းတောင်ကြောအထက်တွင် တကြိမ်၊ အွယ်လောကျေးရွာနဲ့ ဝိန်းပတ်ရွာကြားတွင် တကြိမ်၊ တောနယ်ရွာနှင့် ကလန်းလျှိုရွာကြား၊ တောနေရွာနဲ့ မန်စပ်ရွာကြား ၄ နေရာမှာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
မန်စပ်ရွာဒေသခံတဦးက “တိုက်ပွဲဖြစ်တာတော့ ဟုတ်တယ်။ ရွာနဲ့နည်းနည်းဝေးတော့ အသံပဲ ကြားနေရတယ်။ တောနေရွာနဲ့ နီးမယ်။ တိုက်ပွဲ ခဏခဏဖြစ်တော့ ပြည်သူတွေ ထိတ်လန့်မှုတော့ ရှိတယ်။ ဒါပေမယ့် အခုချိန်ထိ အဲဒီတိုက်ပွဲ ဖြစ်တဲ့နေရာတွေမှာ လူ ထိခိုက်တယ်လို့ မကြားရသေးဖူး။ တချို့ရွာတွေကျတော့ ဖုန်းလိုင်းမရတော့ အဆက်အသွယ် မရဘူး” လို့ ပြောပါတယ်။
တပ်မတော်နဲ့ တအာင်းအဖွဲ့တို့ဟာ ယခု မေလ ပထမပတ်အတွင်း တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရှိခဲ့ပါတယ်။
သတင်း - နိုင်နိုင်