Homeမြန်မာသတင်း
ဘူးသီးတောင်မြို့နယ် ကျောင်းတောင်အုပ်စုတွင် မိုင်းပေါက်ကွဲ၊ ၂ ဦးသေ၊ ၃ ဦးဒဏ်ရာရ
ဘူးသီးတောင်မြို့နယ် ကျောင်းတောင်အုပ်စုတွင် မိုင်းပေါက်ကွဲ၊ ၂ ဦးသေ၊ ၃ ဦးဒဏ်ရာရ
DVB
·
May 8, 2017
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကျောင်းတောင်အုပ်စု၊ သဲနီမြိုရွာအနီး အနောက်မြောက်ဘက်ကတောထဲမှာ မေ ၄ ရက် ညနေ ၆ နာရီခန့်က မိုင်းပေါက်ကွဲမှုဖြစ်လို့ လူ ၂ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က သိရပါတယ်။
တောင်ဘဇာရဲစခန်းက တာဝန်ကျရဲအရာရှိက "ဖြစ်တဲ့နေရာက တော်တော်ဝေးပါတယ်။ အခုအဲ့ဒီနေရာကို သွားနေကြတုန်းပါ။ ပြန်လာမှပဲ အပြည့်အစုံသိရပါမယ်။ ၂ယောက်သေပြီး ၃ယောက်ဒဏ်ရာရထားတယ်ဆိုတာပဲပြောလို့ရဦးမယ်" လို့ ပြောပါတယ်။
မိုင်းကွဲမှုကြောင့် သေဆုံးသွားသူတွေကတော့ စာကိုင်းရွာနေသူ နိုအာလောင် အသက် ၄၀နှစ် နဲ့ တင်းမေ ၃ ရပ်ကွက်နေ မော်လဝီအဒူကော်ရင် အသက် ၃၅ နှစ်တို့ ဖြစ်ပါတယ်။
တင်းမေ ၃ ရပ်ကွက်နေ ရှောင်ရှူးအာလောင်က မျက်နှာထိမှန်စုတ်ပြဲဒဏ်ရာရသွားပြီး ကျောင်းတောင်အလယ်ရွာနေ မော်လဝီယာဆိမ်းက ဝမ်းဗိုက်မှာ ဒဏ်ရာရရှိကာ တင်းမေ ၃ ရပ်ကွက်နေ ကျောင်းဆရာ မာဆောင်းကတော့ ညာဘက်ခြေထောက်ပြတ် ဒဏ်ရာရခဲ့ တယ်လို့ဆိုပါတယ်။
သေဆုံးဒဏ်ရာရသူတွေဟာ တင်းမေရွာမှာ အကြမ်းဖက်စစ်သင်တန်းပေးမှု၊ တင်းမေကျေးရွာ တာဝန်ခံ ဟာမစ်ဒူလာကို သတ်ဖြတ်မှု တို့နဲ့ ရဲတပ်ဖွဲ့က အလိုရှိနေသူတွေလို့လည်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ကသိရပါတယ်။
ဘူးသီးတောင်မြို့နယ်မြောက်ပိုင်း တင်းမေကျေးရွာအုပ်စုအနီး တောင်ကုန်းတွေနဲ့ သစ်တောတွေထဲမှာ အကြမ်းဖက်စစ်သင်တန်းတွေရှိနေကြောင်း ဒေသခံတွေကပြောကြပြီး တင်းမေရွာမြောက်ဘက် လျှိုထဲမှာ အကြမ်းဖစ်စစ်သင်တန်းစခန်းတခုကို မတ်လအတွင်း တွေ့ရှိခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။