တရားရုံးအုတ်နံရံကို ခေါင်းနဲ့တိုက်ခဲ့သူ (မေးမြန်းချက်)
ပီတာအောင်
·
January 30, 2012
ကသာထောင်မှာ ထောင်ဒဏ် (၂၇) နှစ် ပြစ်ဒဏ်ချခံထားရရာကနေ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့ ကင်ဂျိနာဂအိဆုရှင် ဒီဗွီဘီသတင်းထောက် မလှလှဝင်းကို
သူ့ရဲ့ထောင်တွင်း အတွေ့အကြုံတွေကို ဆက်သွယ်မေးမြန်းထားပါတယ်။
မလှလှဝင်းဟာ ပခုက္ကူစာသင်တိုက်က ဘုန်းကြီးတွေကို အင်တာဗျူးလုပ်ပြီး ပြန်အထွက်မှာ ၂၀၀၉ စက်တင်ဘာလ ၁၁ ရက်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။
“အဲဒီ ပခုက္ကူကျောင်းကို ၁၂ နာရီလောက်ဝင်သွားတာ။ အဲဒီမှာ ထူးထူးဆန်းဆန်း ဘုန်းကြီးတပါး အဖမ်းခံရတယ်။ အဲဒီထဲကို သွားပြီးတော့ အင်တာဗျူး သွားယူတာ။ အဲဒီကနေ ကျမတို့ ဆိုင်ကယ်နဲ့ပြန်ထွက်လာတာ၊ အနောက်က လိုက်လာလားကြည့်တော့ မရှိဘူး။ အိမ်ကိုရောက်တော့မှ ဒီနားမှာ တခြား အိမ်ထောင်စု ၂ ခု၊ ၃ ခုကို သွားယူသေးတယ်။ ကလေးစစ်သားတယောက်နဲ့ ဝန်ကြီးကိစ္စတခုနဲ့၊ ညကျမှ ဧည့်စာရင်းဆိုပြီး လာစစ်ပြီး ဖမ်းသွားတာ။ ကျမတို့အိမ်မှာ အဖမ်းခံလိုက်ရတာ။”
ဖမ်းတဲ့အချိန်မှာ သုံးယောက်လို့လည်းကြားတယ်။ အဲဒါ ဘယ်လိုမျိုးလဲ။
“ကိုမြင့်နိုင်ရယ်၊ ကျမရယ်၊ အိမ်ရှင် ကိုမြင့်နိုင်ရဲ့အစ်မ၊ သုံးယောက်ကို ဖမ်းတာပါ။ ကိုမြင့်နိုင် အစ်မကတော့ အိမ်ရှင်က ဧည့်စာရင်းမတိုင်တဲ့ စွဲချက်နဲ့ ၁၅ ရက်ကျတယ်။”
နောက် သူ့ကို ပြန်လွှတ်ပေးလိုက်ပြီး မလှလှဝင်းနဲ့ ကိုမြင့်နိုင်ကို ထောင်ဒဏ်နှစ်ရှည်ချလိုက်တာလား။
“ဟုတ်ပါတယ်။ နောက်အမှုတွေကို ကျမနဲ့ ကိုမြင့်နိုင်ပဲ ဆက်တွဲတာ။”
အဲဒီညက ဖမ်းသွားပြီးတော့ ဘယ်ကိုခေါ်သွားလဲ။
“အဲဒီညက ရဲစခန်းကို စရောက်တယ်။ ကျမတို့ အဲဒီညတည အချိန်ရတယ်။ နောက်နေ့လည်း တနေကုန် ရဲစခန်းမှာပဲ။ ဒါပေမယ့် သူတို့ဘာမှတော့ သေချာမမေးသေးဘူး။ သူတို့ တခုခုရဲ့ ညွှန်ကြားချက် စောင့်နေပုံရတယ်။ အဲဒီကနေ ညကျမှ ၇ နာရီလောက်မှာ ကျမကိုခေါ်သွားတယ်။ အလုံပိတ်ကားတခုနဲ့ ခေါ်သွားပြီးတော့ အိမ်တအိမ်ကို ရောက်သွားတယ်။ အဲဒီအိမ်မှာ စစစ်တာ။ စစစ်တဲ့ အချိန်ကတည်းက သူတို့ပြောတယ်။ သူတို့မေးခွန်းတိုင်းကို ကျမဖြေပေးတယ်။ တခုရှိတာက ကျမကို ဒီထဲမှာမစစ်ပါနဲ့၊ ကျမကိုထောင်ကို ပို့ပေးပါ။ ဘာလို့လဲဆိုတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘူးလေ။ နောက်စစ်ရင် ဘာတွေများ ထပ်ပေါ်မလဲဆိုတဲ့ ယုံကြည်မှုမျိုး ကျမမှာမရှိဘူး။ အရေးကြီးတာက ထောင်ရောက်ဖို့အရေးကြီးတယ်။ ထောင်ရောက်မှသာလျှင် ကျမသတင်းထွက်လာမယ်ဆိုတာ တွေးကြည့်တဲ့အတွက် ထောင်ပို့ဖို့ကို ကျမတောင်းဆိုတယ်။ မပေးဘူး။ မပေးတော့ အဲဒီကနေစပြီးတော့ ကျမက ရဲစခန်းမှာကတည်းက တရက်စောင့်တယ်။ အစာလည်းမစားဘူး။ ရေလည်းမသောက်ဘူး။ အဲဒါ ၆ ရက်မြောက်မှာမှ ထောင်ကိုပို့တယ်။ ကျမက အဲလိုအစာငတ်ခံ ဆန္ဒပြနေတော့ သူတို့လည်း ကျမကို ရိုက်နှက်ပြီး စစ်ချိန်မရတော့ဘူး။ ကျမက သူတို့မေးသမျှ ကောင်းကောင်းဖြေတယ်။ အကုန်ဖြေပေးတာ။ ဖြေနိုင်သလောက် ဖြေပေးတယ်။ ဒါပေမယ့် ရေလည်းမသောက်ဘူး။ အစာလည်း မစားဘူး။ အဲဒီတော့ သူတို့ကိုင်တွယ်ရ တော်တော်ခက်နေပုံရတယ်။ ၆ ရက်မြောက်မှာမှ အရမ်းအဖျားကြီးလာပြီးမှ မဖြစ်မနေ ထောင်ကိုပို့ရတာ။ ပခုက္ကူထောင်ကိုပို့တာ။”
အဲဒီမှာ စစ်တာက စအဖ က စစ်တာလား။ စစ်တဲ့နေရာမှာ ကိုယ်ထိလက်ရောက်တွေ ဘာတွေနှိပ်စက်တာတွေ ရှိလား။
“မရှိဘူး။ ဒါပေမယ့် နေ့ရော၊ ညရော မအိပ်ခိုင်းတာတော့ ရှိတယ်။ နေ့ည မအိပ်ဘဲနဲ့ တယောက်ပြီးတယောက် တဖွဲ့ပြီးတဖွဲ့ ဝင်စစ်တာ။ စစ်တဲ့အဖွဲ့တွေကတော့ အများကြီးပဲ။ ပခုက္ကူမြို့ကပဲ။ တချို့ဆိုရင် တခြားတနေရာကနေ စစ်တယ်လို့တောင် ကြားရတယ်။”
တရားစစွဲတာ ပထမတော့ တရားမဝင် ဆိုင်ကယ်မှုပေါ့။ လိုင်စင်မဲ့ဆိုင်ကယ်စီးတယ်။ နောက် သွင်းကုန်ပို့ကုန်မှုနဲ့ ၇ နှစ်ချတယ်။ နောက် ဧည့်စာရင်းမတိုင်တာလည်း ပါတယ်။ နောက် ဒီဗွီဘီ သတင်းထောက်မှန်း သိတော့ အီလက်ထရောနစ်တွေနဲ့ ပေါင်းပြီးတော့ အားလုံးပေါင်း ၂၇ နှစ်ချလိုက်တာပေါ့။ အဲဒီနေ့က အမိန့်ချတဲ့ မြင်ကွင်းလေးကို ပြန်ပြောပြပေးပါလား။
“စအဖမ်းခံရပြီး ၂ ရက်မြောက်မှာကတည်းကိုက ကျမက ဒီဗွီဘီ သတင်းထောက်လို့ ပြောထားပြီးသား၊ အဲဒါကြောင့် ရသလောက်စစ်တယ်။ နောက် ဒီဗွီဘီအပြင်ကို သတင်းကိစ္စအပြင်ကို ကျမကို အန်အယ်လ်ဒီနဲ့ ပတ်သက်ပြီး တော်တော်များများ စစ်တယ်။ အဲဒီတုန်းက ကျမကထွက်ထားတာကို။ အဲဒါ ကျမ ဆေးရုံကပြန်လာပြီးတော့မှ ဧည့်စာရင်းအမှုအတွက် စရင်ဆိုင်ရတာ။ ၁၅ ရက်ချလိုက်တယ်။ နောက်တော့ ဆိုင်ကယ်မှုကို ထပ်ရင်ဆိုင်ရတယ်။ ကျမထပ်ပြောတယ်။ ဒီဆိုင်ကယ်က မဖြစ်နိုင်ဘူး။ ကျမက ခင်ဗျားတို့ဆီမှာ ပေးထားတဲ့ အချက်အလက်တွေ အများကြီးရှိတယ်။ ကျမနဲ့တန်တဲ့ ပုဒ်မကိုစွဲပါ။ အဲဒါကိုလုံးဝ လက်မခံဘူး။ ဆိုင်ကယ်မှုနဲ့ ရအောင်ချတာပေါ့။ အဲဒါနဲ့ စိတ်တိုပြီး တရားရုံးမှာတင် တိုင်နဲ့ခေါင်းနဲ့ဆောင့်တာ။ နံရံနဲ့ ဆောင့်သေးတာ။ ဆိုင်ကယ်အမိန့် ချတဲ့နေ့က။ အဲဒီနေ့က ဆိုင်ကယ်အမှုနဲ့ အမိန့်ချတော့ ကျမက တော်တော်စိတ်တိုတယ်။ ဒီလောက်ပြောထားလျက်နဲ့ လုပ်ရပါ့မလားဆိုပြီးတော့ စိတ်တိုပြီး လေးချက်လောက် ဆောင့်လိုက်တယ်။ ဝိုင်းဆွဲတာ မမှီလိုက်ဘူး။ အတင်းဆွဲချုပ်ပြီး ထောင်ကိုပြန်ပို့ရတာ။ ထောင်မှာလည်း ပြဿနာရှာတော့ ကျမကို လက်ထိတ်နဲ့ ခတ်ထားတယ်။ ထမင်းလည်း မစားတော့ဘူး။ ရေလည်းမသောက်တော့ဘူး။ နောက် တရက်ကျော်မှာ လာပြောတယ်။ မလှလှဝင်းကို နောက်အမှုတွဲဖို့ ရှိပါတယ်။ တာဝန်အရ လုပ်ရတာပါ။ အထက်က ခိုင်းလို့ပါလို့ လာပြောတယ်။ အဲဒီတော့မှ ကျမက ရေတို့ အစာတို့ပြန်စားတာ။ ဒုတိယအမှုတွေက ပခုက္ကူထောင်မှာပဲ စစ်လိုက်တော့တယ်။ ၅၀၅(ခ)၊ အီလက်ထရောနစ်၊ ရုပ်မြင်သံကြားနဲ့ ဗွီဒီယိုအက်၊ အားလုံးပေါင်းတော့ ၂၇ နှစ်ကျတယ်။”
နောက်တော့ ကသာထောင်ကို ဘယ်လိုရောက်သွားလဲ၊ ဘယ်ထောင်တွေ ကြားမှာဖြတ်ခဲ့ရသေးလဲ။ ပခုက္ကူကနေ ဘယ်တွေရောက်သွားလဲ။
“ပခုက္ကူကနေ အမိန့်ချပြီးချင်း တပတ်ကျော်ကျော်မှာ ကျမကို ထောင်ပြောင်းလာတယ်။ ကသာပြောင်းရမယ်လို့ ပြောတယ်။ ရွှေဘိုထောင်ကို အရင်ပို့တယ်။ အဲဒီမှာ ၂ ရက်နဲ့ ၃ ညနားတယ်။ ပြီးတော့မှ ကသာထောင်ကိုပို့တယ်။ ကသာထောင်ကိုရောက်တော့ ကသာထောင်မှာ ၂ နှစ်နေရတယ်။ ၂ နှစ်တိတိပြည့်တော့ ကသာထောင်က ပြန်လွတ်လာတယ်။”
အဲဒီတော့ ကသာထောင်ထဲမှာ နေခဲ့ရတဲ့အတွေ့အကြုံအရ နောက်ဘယ်သူတွေနဲ့ တွေ့ခဲ့ရလဲ။ နောက်တော့ အမှတ်တရ အဖြစ်အပျက်လေးတွေ ပြောပြပေးပါလား။
“ကသာထောင်မှာက မမီးမီးနဲ့တွေ့ရတယ်။ မမီးမီး ရောက်လာတယ်။ ကျမရောက်ပြီး ၁၅ ရက်လောက်ကြာမှ မချို(လမ်းမတော်) ရောက်လာတယ်။ ကျမတို့ သုံးယောက်အတူတူပဲ။ မမီးမီးကိုတော့ အပေါ်မှာထားတာ။ ခက်တာက ထောင်ကလည်း သီးသန့်တိုက်ဝန်းမရှိတော့ မမီးမီးက တယောက်တည်းအပေါ်မှာ၊ အောက်မှာတခြား အကျဉ်းသူတွေနဲ့ ကျမတို့ပေါ့။ ကျမက ကလေးတွေစာသင်တာတော့ ထူးထူးခြားခြားပဲ။ စာမသင်ဖြစ်တော့ဘူးထင်တာ။ ကျမက အရင်တုန်းက ဆရာမကို၊ အဲဒီရောက်တော့ ကလေးတွေက မူကြိုလေးငါးနှစ် ကလေးတွေတွေ့တယ်။ ထောင်က ရိုးရိုး အကျဉ်းသူတွေ မွေးထားတဲ့ကလေးတွေ၊ လေးငါးခြောက်ယောက်လောက်ရှိမယ်။ အဲဒီကလေးတွေကို စာစသင်တာပေါ့။ စိတ်မကောင်းစရာ တခုက သူတို့က မူးယစ်ဆေးဝါးကို ရောင်းနေတာ။ မိရိုးဖလာလို ရောင်းနေတာ။ အဲဒီအမှုနဲ့ ထောင်ကျနေတာ။ မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးတွေကို မသိဘူး။ မသိတော့ တော်တော်တော့ စိတ်မကောင်းစရာကောင်းတယ်။ အသိဥာဏ်မဲ့မှုတွေပေါ့။”
နောက်တခြား ဘာအခက်အခဲတွေ ကြုံခဲ့ရသေးလဲ။
“အခက်အခဲတော့ မရှိပါဘူး။ ပထမတုန်းကတော့ တခြားအကျဉ်းသူတွေနဲ့ ရောနေရတာဆိုတော့ နည်းနည်းတော့ စိတ်ပျက်တယ်။ သီးသန့်လုပ်မပေးတဲ့အတွက် စိတ်ပျက်တယ်။ နောက်ပိုင်းစဉ်းစားမိတာက စိတ်ပျက်နေလို့ ဘာမှမထူးဘူး။ ကြိုးစားလုပ်မယ်ဆိုရင် လုပ်လို့ရတာပေါ့။ ဒါပေမယ့် အဲဒီအထဲကနေ ဘာယူနိုင်လဲလို့ အရင်စဉ်းစားလိုက်တယ်။ ဒီအကျဉ်းသူတွေဆီကနေ၊ သာမာန်ပြည်သူလူထုတွေဆီကနေ၊ အနည်းဆုံး ကိုယ်ရသလောက် သတင်းအချက်အလက် အကုန်ကိုယူလိုက်တာပဲ။ ဒီတခုတော့ တော်တော်ကို အကျိုးရှိတယ်။ ၂ နှစ်နဲ့ လေးလအတွင်းကို ရိုးရိုးအကျဉ်းသူတွေဆီက သူတို့အခြေအနေအကြောင်း၊ သူတို့ဘဝတွေအကြောင်း၊ သူတို့ဒေသတွေအကြောင်း၊ အများကြီး သတင်းအချက်အလက် ယူလာနိုင်တယ်။”
မလှလှဝင်းတို့ ထောင်ထဲမှာရောက်နေတဲ့ အချိန်မှာ ပြင်ပမှာ မလှလှဝင်းတို့လို သတင်းထောက်တွေ လွတ်မြောက်ဖို့ လှုပ်ရှားမှုတွေ နည်းမျိုးစုံနဲ့လုပ်ခဲ့တာပေါ့။ နောက် ၂၀၁၀ မှာလည်း ကင်ဂျိနာဂအိရဲ့ သတင်းထောက်ဆု ဆိုပြီးတော့ မလှလှဝင်းကို ချီးမြှင့်ခဲ့တယ်။ ဒီလိုမျိုး နိုင်ငံတကာကနေ အသိအမှတ်ပြုပြီး ကြိုးစားလှုပ်ရှားခဲ့တဲ့အပေါ်မှာ ဘယ်လိုမျိုးမှတ်ချက်ပေးချင်လဲ။
“ကျမတို့ ထောင်ထဲကို သတင်းတွေရောက်လာတယ်။ ကျမဆုရတယ်။ အပြင်ကန်ပိန်းတွေ လုပ်နေတယ်လို့ ကြားတယ်။ အရမ်းကိုကျေးဇူးတင်ပါတယ်။ ဒါက သူတို့လည်း သူတို့တတ်နိုင်တဲ့ဘက်က တတ်နိုင်သလောက် ကျမတို့လွတ်မြောက်ဖို့ ကြိုးစားလုပ်ကိုင်ကြတာပဲ။ ကျေးဇူးတင်ရမှာပေါ့။ အဖွဲ့အစည်း တော်တော်များများကို ကျေးဇူးတင်တယ်လို့ ပြောချင်တယ်။ ဒီဆုနဲ့ပတ်သက်ပြီးတော့ ဆုက တအားကောင်းနေတော့ တန်ကောတန်ရဲ့လားလို့ စဉ်းစားမိတယ်။”
နောက်တခုက ကျနော်တို့ဒီဗွီဘီနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း မေးပါရစေ။ ထောင်ကျနေတုန်းကကော ဒီဗွီဘီကနေ တစုံတရာ အကူအညီရတာကော ရှိလား။ အကူအညီမရောက်ဘူး၊ အသံတွေလည်း ကြားနေရတော့လေ။ အဲဒီအပေါ်မှာ ပွင့်ပွင့်လင်းလင်း ပြောပြပေးလို့ ရမလား။
“ရပါတယ်။ အကူအညီကတော့ အထဲမှာရတယ်။ ဒီဗွီဘီက ပေးတယ်လို့ ပြောတာပဲ။ ကျမရသင့်သလောက် တော်တော်များများ ရပါတယ်။ ဒါပေမယ့် သူတို့ပြောသလောက် အရေအတွက်ကတော့ နည်းနည်းကွာတာပေါ့။ အဲဒါနဲ့ပတ်သက်ပြီး ဘာမှမဖြေရှင်းချင်တော့ဘူး။ ကိုယ်လည်း အထဲမှာ စုတ်စုတ်ပြတ်ပြတ် ပင်ပင်ပန်းပန်း မနေခဲ့ရဘူး။ အဲဒီအတွက် ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီးတော့ သိပ်မရှင်းချင်တော့ဘူး။ ဒါပေမယ့် သူတို့ ကျမကိုပေးပါတယ်။”
မလှလှဝင်းတို့လို သတင်းထောက်တွေက ပြည်တွင်းမှာ ထောင်ကျခံပြီး လုပ်နေတဲ့အချိန်မှာ ပြင်ပမှာ ငွေကြေးအရှုပ်တော်ပုံတွေ ပေါ်နေတဲ့အပေါ်မှာ ဘယ်လိုခံစားရလဲ။
“စိတ်မကောင်းဘူးပေါ့။ ကိုယ့်အချင်းချင်းတွေလေ၊ ဒီလောက်ကြီးဖြစ်စရာမှ မလိုတာ၊ အထူးသဖြင့် ငွေကြေးဆိုတဲ့ဟာတွေ ပိုစိတ်မကောင်းဘူး။ ပန်းတိုင်က ဘာလဲ အရင် စဉ်းစားရမှာလေ။ တခါတလေ တချို့လုပ်ရပ်တွေက ပန်းတိုင်ပျောက်သွားတယ်။ စိတ်မကောင်းဘူး။ အချင်းချင်းတွေ ဒီလိုမျိုး မဖြစ်စေချင်ဘူး။ အရေးကြီးတဲ့အချိန်မှာ ပိုပြီးတော့ ညီညီညွတ်ညွတ်နဲ့ ရှိသင့်တယ်လို့ ထင်တယ်။ အခုပြည်ပမှာ ရပ်တည်နေတဲ့ မြန်မာပြည်အတွက် ရပ်တည်နေတဲ့ သတင်းဌာနတွေအနေနဲ့ ကျမက ပန်းတိုင်မပျောက်စေချင်ဘူး။ ဒီထက်အကောင်းဆုံး ကြိုးစားပြီး အတူတူ လက်တွဲပြီးတော့ လုပ်သွားချင်တယ်လို့ ပြောချင်တယ်။”