DVB Logo
Home
မြန်မာသတင်း
နိုင်ငံ​တော်သံဃမဟာနာယက ​ရွှေဝါ​ရောင်သံဃာ​တော်များ​ကိစ္စ ကြား​ဝင်​ဖြေရှင်း
DVB
·
January 27, 2012
နိုင်ငံ​တော်သံဃမဟာနာယက ​ရွှေဝါ​ရောင်သံဃာ​တော်များ​ကိစ္စ ကြား​ဝင်​ဖြေရှင်း
Donate to DVB

ရွှေဝါ​ရောင်​တော်လှန်​ရေး​မှာ ဖမ်း​ဆီး​ ထိန်း​သိမ်း​ခံခဲ့​ရပြီး​ အခုလ ၁၃ ရက်​နေ့​မှာ ပြန်လွတ်လာကြတဲ့​ သံဃာငါး​ပါး​ကို ပိတ်ထား​တဲ့​ ​ကျောင်း​တွေမှာ ဝင်​ရောက် သီတင်း​သုံး​တဲ့​ အ​ပေါ် ရန်ကုန်တိုင်း​ဒေသကြီး​ အစိုး​ရအဖွဲ့​က တရား​စွဲဆိုတဲ့​ကိစ္စကို နိုင်ငံ​တော် သံဃမဟာနာယကအဖွဲ့​က ကြား​ဝင်​ဖြေရှင်း​ပေး​လိုက်တဲ့​အတွက် တရား​စွဲဆိုမှုကို ပြန်လည်ရုပ်သိမ်း​သွား​ပါတယ်။

သံဃာငါး​ပါး​က​တော့​ မဂ္ဂင်​ကျောင်း​မှာ သီတင်း​သုံး​တဲ့​ သံဃာတပ်​ပေါင်း​စု ​ခေါင်း​ဆောင် အရှင်ဂမ္ဘီရနဲ့​ ​ဂျောင်း​ဂျောင်း​လို့​ လူသိများ​တဲ့​ ဦး​ဣဿရိယ၊​ မင်္ဂလာ​တောင်ညွန့်​မြို့​နယ် ​ရွှေ​တောင်​ကျောင်း​မှာ သီတင်း​သုံး​တဲ့​ ဆရာ​တော် ဦး​ပဏ္ဍဝံသ၊​ ​ခြောက်ထပ်ကြီး​ သာသနာ့​ဂုဏ်ရည် ​ကျောင်း​က ဦး​ဝိသုဒ္ဓ၊​ သံလျင်​ဗောဓိ​ကျောင်း​ ဆရာ​တော် ဦး​ပညာသီဟ တို့​ ဖြစ်ပါတယ်။

ရွှေဝါ​ရောင်​တော်လှန်​ရေး​အပြီး​ ချိတ်ပိတ်တဲ့​ ဘုန်း​ကြီး​ကျောင်း​တွေကို ​ထောင်က​နေ လွတ်​မြောက်လာတဲ့​ သံဃာ​တွေက ကိုယ့်​ကျောင်း​ ကိုယ်ပြန်သီတင်း​သုံး​တာကို တရား​စွဲဖို့​လုပ်တာပါ။

ဒါ​ကြောင့်​ နိုင်ငံ​တော် သံဃမဟာနာယက ဆရာ​တော်​တွေက အဲဒီ့​ သံဃာ​တွေကို နိုင်ငံ​တော်သံဃမဟာနာယကရုံး​ကို ဒီက​နေ့​ ​ခေါ်ယူ​မေး​မြန်း​ ဩဝါဒ ​ပေး​တဲ့​အတွက် ​ပြေလည်ခဲ့​ပါတယ်။

ဒီက​နေ့​ နိုင်ငံ​တော်သံဃမဟာနာယက ဆရာ​တော်​တွေထံကို ကြွခဲ့​တဲ့​ ဦး​ပဏ္ဍဝံသက အစိုး​ရက တရား​စွဲတာ ပြန်ရုပ်သိမ်း​တဲ့​အပြင် ​ကျောင်း​ဖွင့်​ပွဲကို နိုင်ငံ​တော်သံဃမဟာနာယကအဖွဲ့​က ဦး​စီး​ကျင်း​ပ​ပေး​မယ် ဆိုတာကိုပါ သ​ဘောတူညီချက်ရခဲ့​တယ်လို့​ ခုလို မိန့်​ကြား​ပါတယ်။

“နိုင်ငံ​တော်ဗဟို သံဃနာယက ဥက္ကဋ္ဌ ဆရာ​တော်ကြီး​ကိုယ်တိုင်က ပါတယ်။ မင်း​တို့​ဒီလိုလုပ်ရမှာ မဟုတ်ဘူး​။ အခုပဲ လွတ်တယ်။ အခုပဲ ​ထောင်ထဲပြန်ထည့်​တယ် ဆိုရင် တိုင်း​ပြည် သိက္ခာကျတယ်။ သံဃာ​တော်​တွေကိစ္စ ငါတို့​ သံဃမဟာနာယက က တာဝန်ယူ ​ဖြေရှင်း​ပေး​မယ်ဆိုပြီး​တော့​ ဦး​ဇင်း​တို့​ကို ​ခေါ်​မေး​တယ်။ ဆုံး​မဩဝါဒ​ပေး​တယ်။ ​နောက်ပြီး​တော့​ လိုအပ်တာ​တွေကို ​ဆောင်ရွက်​ပေး​တယ်။ ဦး​ဇင်း​တို့​လည်း​ အဲဒါ​တွေကို ​သေချာနား​ထောင်ပြီး​တော့​ ကိုယ်​မေး​စရာရှိတာ​တွေကို ​မေး​တယ်။ ​မေး​ပြီး​တော့​မှ နှစ်ဖက်သ​ဘောတူ၊​ မဟာသံဃမဟာနာယက က ချမှတ်ထား​တဲ့​ စည်း​မျဉ်း​စည်း​ကမ်း​အတိုင်း​ လိုက်နာ​နေထိုင် ကျင့်​သုံး​ပါမယ်ဆိုပြီး​ ဒီ​ကျောင်း​တွေကို ဦး​ဇင်း​တို့​လက်ထဲ​တွေကို တရား​ဝင်ပြန်ချ​ပေး​မယ်ဆိုတာကို သူတို့​ဆီက ကတိရခဲ့​တယ်။ အဲ့​လို သ​ဘောတူညီပြီး​ ပြန်လာတာပဲ။ ”

ခေါ်ယူခံရတဲ့​ သံဃာငါး​ပါး​အနက် အရှင်ဂမ္ဘီရ၊​ အရှင်ဦး​ဣဿရိယနဲ့

ဦး​ဝိသုဒ္ဒတို့​က ခရီး​လွန်​နေတဲ့​အတွက် ဒီက​နေ့​ ဦး​ပဏ္ဍဝံသနဲ့​ ဦး​ပညာစာရ ၂ ပါး​ပဲ သွား​ရောက် ဩဝါဒခံယူပါတယ်။

နိုင်ငံ​တော် သံဃမဟာနာယကရဲ့​ ခုလို ​ဆောင်ရွက်ချက်အ​ပေါ် ဝမ်း​မြောက်မိတယ်လို့​ ဦး​ပဏ္ဍဝံသက မိန့်​ကြား​သွား​ပါတယ်။

“ဦး​ဇင်း​တို့​ လိုချင်တာက အဲဒါပဲ​လေ။ လွန်ခဲ့​တဲ့​ အနှစ် ၂၀ ​လောက်က ​ပျောက်သွား​တဲ့​ သံဃနာယက အဖွဲ့​အစည်း​က သံဃာဘက်က ရပ်တည်မှု မရှိဘဲနဲ့​ နှစ်​ပေါင်း​ ၂၀ ​လောက် ငုတ်​နေပြီး​တော့​ အစိုး​ရဘက်မှာပဲ ဖြစ်​နေတာကိုး​။ အခု​တော့​ အဲဒီလို မဟုတ်ဘဲနဲ့​ ပြည်သူ​တွေဘက်က​ရော၊​ သံဃာ​တော်​တွေဘက်က​ရော မား​မား​မတ်မတ် ရပ်တည်တဲ့​ အ​နေအထား​လေး​ပေါ့​နော်။ အစ​လေး​ ​တွေ့​တဲ့​အခါကျ​တော့​ နည်း​နည်း​ ဝမ်း​သာတာ​ပေါ့​။ ​ကျေလည်း​ကျေနပ်တာ​ပေါ့​နော်။ ဒီထက်မက အကုန်လုံး​ အစအဆုံး​ ဒီ အ​ခြေခံ သံဃစည်း​မျဉ်း​ စည်း​ကမ်း​တွေအတိုင်း​ ဆရာ​တော်ကြီး​တွေက​နေပြီး​တော့​ ​ရှေ့​က​နေ မား​မား​မတ်မတ် ဓမ္မစက်က ​ရှေ့​သွား​၊​ အာဏာစက်က ​နောက်ကလိုက် ပုံစံကို မား​မား​မတ်မတ် ရပ်တည်​ပေး​မယ် ဆိုရင်​တော့​ ခြွင်း​ချက်မရှိ အလွန်ပဲ ရာခိုင်နှုန်း​ပြည့်​ ဝမ်း​သာရမှာပဲ။”

မကြာခင်မှာပဲ ဒီကိစ္စကို နိုင်ငံ​တော်သံဃမဟာနာယက က အများ​ပြည်သူသိ​အောင် စာထုတ်မယ်လို့​ ဆရာ​တော်က မိန့်​သွား​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013