လေပွေလှိုင်းအရှိန်ကြောင့် လေပြင်းတိုက်၊ မိုးသီးကြွေ၊ မိုးကြိုးပစ်နိုင်ဟု မိုးဇလသတိပေး
DVB
·
May 6, 2017
အရှေ့ဘက်နဲ့ အနောက်ဘက်တို့က ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်ကြောင့် ပြည်နယ်နဲ့ တိုင်းဒေသတချို့မှာ လေပြင်းတွေတိုက်၊ မိုးသီးကြွေ၊ မိုးကြိုးပစ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလဌာနက သတိပေးထားပါတယ်။
မနေ့ မေလ ၅ ရက် ညနေကနေ နောက် ၇၂ နာရီအတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တွေမှာ နေရာစိပ်စိပ် နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မှာ နေရာကျဲကျဲနဲ့ ကျန်ဒေသတွေမှာ နေရာကွက်ကြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ဆိုပါတယ်။
လေပြင်းတိုက်စဉ် မြေပြင်လေဟာ တနာရီကို မိုင် ၃၀ ကနေ ၃၅ မိုင်အထိတိုက်ခတ်နိုင်တာကြောင့် ပြည်သူလူထုတွေအနေနဲ့ မိုးလေ၀သဖြစ်စဉ်တွေကို အထူး ဂရုပြုနေထိုင်ကြဖို့ မိုးဇလဌာနက ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနကို ထူးခြားမိုးလေ၀သ အခြေအနေ ခန့်မှန်းချက် အစီရင်ခံစာ မနေ့ကတည်းက ပေးပို့ထားပါတယ်။