Home
မြန်မာသတင်း
ရေပူစစ်ဆေးရေးဂိတ်ကို နှောင့်ယှက်ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ခံနေရ
DVB
·
May 6, 2017
မြန်မာ-တရုတ် အဓိကကုန်သွယ်ရေးလမ်းကြောင်းကြီးပေါ်က ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းကို နှောင့်ယှက်ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်ခံနေရတဲ့အကြောင်း စစ်ဆေးရေးစခန်းရဲ့တာဝန်ခံ အကောက်ခွန်ဌာနညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က ဒီဗွီဘီကိုပြောပါတယ်။ “ဒေသတည်ငြိမ်အေးချမ်းရေးမရှိတော့ ကျနော်တို့မှာ ခြိမ်းခြောက်ခံနေရတာ အများကြီးရှိတယ်။ ဒီနေ့မနက်ကပဲ ၃ ရက်အတွင်းမှာ ဘာလုပ်မယ်ဆိုပြီး သတင်းတွေ ထွက်နေပါတယ်။ လူမှုကွန်ရက်ဖေ့ဘွတ်ခ်ပေါ်ကနေ ခြိမ်းခြောက်ပါတယ်။ ပြီးတော့လည်း ဖုန်းဆက်ပြီး ခြိမ်းခြောက်ပါတယ်။ ဒါပေမယ့် ကျနော်တို့ မမှုပါဘူး၊ စိတ်မ၀င်စားပါဘူး။ ကျနော်တို့ တာဝန်ကျနေတဲ့ကာလအတွင်းမှာ မလိုလားအပ်တဲ့ ဖြစ်စဉ်တွေ မရှိဖို့အတွက် အဘက်ဘက်က ချင့်ချိန်ပြီး ဆောင်ရွက်နေရတာပေါ့။ ရတဲ့သတင်းအချက်အလက်တွေ၊ မြေပြင်ကအခြေအနေတွေ၊ အထက်ဌာနက ချပြတဲ့သတင်းတွေ၊ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကို သုံးသပ်ပြီးတော့ အကောင်းဆုံးစီစဉ်ဆောင်ရွက်နေပါတယ်။” ရေပူစစ်ဆေးရေးစခန်းကို လတ်တလော အစိုးရတပ်မတော်က နယ်မြေခံတပ်ရင်း တပ်ဖွဲ့တွေ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပိန်းဆာဌာနေပြည်သူစစ်တပ် ဖွဲ့ဝင်တွေက လုံခြုံရေးဆောင်ရွက်နေပါတယ်။ ဒီစခန်းနေရာမှာပဲထိုင်ပြီး အဖွဲ့စုံနဲ့ ဖမ်းဆီးနေပါက တရားမ၀င်မှောင်ခိုပစ္စည်းတွေကို ဖမ်းဆီးနိုင်ဖို့ အခြေအနေနည်းပါတာကြောင့် ကုန်သွယ်ရေးလမ်းကြောင်းတစ်လျှောက် သတင်း ကွန်ရက်တည်ဆောက်ကာ လားရှိုးမြို့နဲ့ သိန္နီမြို့ကြား ရှောင်တခင် စစ်ဆေးဖမ်းဆီးတာတွေ လုပ်ဆောင်နေရတယ်လို့ ဆိုပါတယ်။ အကောက်ခွန်ဌာနညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က “ဒီစခန်းမှာ တည်ပြီးတော့ စစ်ပြီးဖမ်းနေလို့ကတော့ တခုမှမိမှာမဟုတ်ပါဘူး။ အခုဖမ်းဆီးရတာတွေဟာ စခန်းမှာပိတ်ပြီး အပြင်မှာ ထွက်ပြီးဖမ်းခဲ့တဲ့ လုပ်ငန်းတွေချည်းပဲ။ ဒီစခန်းဝန်းအတွင်းမှာပဲ လုံခြုံရေးအပြည့်ပေးပြီး အဖွဲ့စုံနဲ့စစ်နေ မယ်ဆိုရင်လည်း ဘယ်ယာဉ်မှ ၀င်လာမှာ မဟုတ်တော့ပါဘူး။ အဲ့လိုစစ်မယ်ဆိုရင်လည်း ၂၄ နာရီ စစ်မှရမယ်။ ဒီမှာဖြစ်နေ တာက လမ်းကြောင်းပေါ်က ယာဉ်အားလုံးစစ်နိုင်ဖို့က ခေတ်မီကိရိယာ (X-WAY) စက်တွေလည်း မရှိသေးဘူး၊ လျှပ်စစ်မီးလည်းမရှိသေးဘူးဖြစ်နေတယ်။ ဒီတော့ အစ်ကိုတို့က ဒီ နေရာကိုတည်ပြီး လားရှိုးမြို့ဘက်ဆို မိုင် ၂၀ ကျော်၊ ဒီဘက် သိန္နီမြို့ဆိုရင် ၆ မိုင်ကျော်လောက်ကို ထွက်ပြီးဖမ်းရတယ်။ ဒီလမ်းကြောင်းတစ်လျှောက်မှာ ဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေလည်း အများသိပါတယ်။ ဒီတော့ ကျနော်တို့ ၀န်ထမ်းအင်အားရယ်၊ ရာသီဥတုအခြေအနေ၊ လုံခြုံရေးပေးနိုင်တဲ့အခြေအနေ တရားဥပဒေစိုးမိုးမှုရှိတဲ့ အခြေအနေကို မူတည်ပြီးတော့ အကောင်းဆုံးဖြစ်အောင်လို့ ဆောင်ရွက်နေရပါတယ်။”လို့ပြောပါတယ်။ ရေပူစစ်ဆေးရေးစခန်းဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္ဒီမြို့နယ်အတွင်းမှာ တည်ရှိပြီး မြေနေရာ အကျယ်အ၀န်းဟာ ၉ ဧက ကျော်ရှိပါတယ်။ ရေပူစခန်းစတင်ဖွင့်လှစ်တဲ့ ဒီနှစ် ဇန်န၀ါရီ ၁၆ ရက်နေ့ကနေ မတ်လကုန်ထိ အမှုတွဲပေါင်း ၁၅၆ မှု၊ ခန့်မှန်းတန်ဖိုး ၂,၉၄၃,၅၉၇,၇၇၅) ကျပ် ဖမ်းဆီးရမိခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024