A d v e r t i s e m e n t With Us

အီရတ်တပ်က အိုင်အက်စ်တပ်ဖွဲ့ကို ပိတ်ဆို့တိုက်ခိုက် (ရုပ်သံ)

အီရတ်အစိုးရတပ်ဖွဲ့ဝင်တွေဟာ မိုဆူးလ်မြို့က အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ် တပ်ဖွဲ့တွေကို မြို့ရဲ့ အရှေ့မြောက်ဘက်ကနေ ပိတ်ဆို့တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ အီရတ်စစ်တပ်ကပြောပါတယ်။ “အမှတ် ၉ ကျည်ကာတပ်ဖွဲ့နဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အထူးရဲတပ်ဖွဲ့တွေဟာ မိုဆူးလ်ကို ထွက်ခွာနေကြပြီ” လို့ အီရတ်တပ်ဖွဲ့ရဲ့ အရာရှိတဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ “အခုတိုက်ခိုက်မှုဟာ မိုဆူးလ်တောင်ဘက်ခြမ်းကနေ ပိတ်ဆို့တိုက်ခိုက်နေတဲ့ အကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်ရေး လက်ရွေးစင်တပ်ဖွဲ့တွေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ရဲတပ်ဖွဲ့တွေကို အကူအညီပေးနိုင်လိမ့်မယ်” လို့ ပြောခဲ့ပါတယ်။ “မနက် ၆ နာရီ အချိန်က အမှတ် ၉ ဌာနရဲ့ တပ်ဖွဲ့တွေအပြင် အမှတ် ၅ ဌာနရဲ့ တပ်ဖွဲ့ အမှတ် ၇၃ နဲ့ ပြည်နယ် ရဲတပ်ဖွဲ့တွေ စုပေါင်းပြီး မိုဆူးလ်မြို့ရဲ့ အရှေ့မြောက်ဘက်က မရှာဖာ၊ အယ်လ် ကန်နီစာ နဲ့ အယ် ဟာရာမတ် ဒေသတွေကို ပိတ်ဆို့တိုက်ခိုက်ခဲ့ကြပါတယ်။ နိုင်ငံ့သားကောင်းတွေဟာ အခုချိန်မှာ ခံတပ်တွေကို ဖြိုခွင်းပြီး ရန်သူတွေရဲ့ အင်အားတွေကို ဖြိုချဖျက်ဆီးနေပါတယ်။ သူတို့တွေဟာ အသေခံ တိုက်ခိုက်ပြီး အိုင်အက်စ်တွေ သိမ်းပိုက်ထားတဲ့ မိုဆူးလ်မြို့ရဲ့ လွတ်လပ်ရေးကို ပြန်လည်ရယူအောင်ပွဲခံဖို့ အဆင်သင့်ဖြစ်နေကြပြီလို့ အီရတ်ကီယာ သတင်းက ကြေညာခဲ့ပါတယ်။ အခုချိန်မှာ စစ်သွေးကြွတွေဟာ သမိုင်းဝင်မြို့ဟောင်းရဲ့ ဗဟိုချက်နဲ့ အယ် နူရီ ဘုရားကျောင်းတော်ကြီးတည်ရှိရာ မိုဆူးလ်မြို့ အနောက်မြောက်ဘက်မှာ ပိတ်မိနေကြပါပြီ။ အယ် နူရီ ဘုရားကျောင်းတော်ကြီးဟာ ၂၀၁၄ ခုနှစ်မှာ အိုင်အက်စ်တပ်ဖွဲ့တွေရဲ့ ခေါင်းဆောင် အဘူ ဘာကာ အယ် ဘာဂါဒီ က သူ့ကိုယ်သူ မွတ်စလင်တို့ရဲ့ အထွတ်အမြတ်လို့ ကြေညာခဲ့တဲ့နေရာပဲ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up