မွန်ပြည်သစ်ပါတီ (အန်အမ်အက်စ်ပီ) ဟာ လာမယ့်လမှာ အစိုးရနဲ့ အပစ်ရပ်ရေးကိစ္စ ဆွေးနွေးဖို့ ပါတီရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့ကို ဇန်နဝါရီ ၂၅ ရက်နေ့က ပါတီဗဟို အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကနေ ရွေးချယ် ဖွဲ့စည်းလိုက်ပါတယ်။
မွန်ပြည်သစ်ပါတီဘက်က ပါဝင်သူတွေကို မွန်ပြည်သစ်ပါတီ ဆက်ဆံရေးဌာန ရုံးတာဝန်ခံ နိုင်ဟံသာဗွန်ခိုင်က “ဦးဆောင်မှာက ပါတီက ဒုဥက္ကဋ္ဌ နိုင်ရော့စ၊ နိုင်တလညီနော် ဗဟိုအလုပ်အမှုဆောင်၊ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချူပ် လီယယ်စကောင်း၊ အဲဒါက စီအီးစီ ၃ ဦးပေါ့နော်။ နောက် ကျန်တာက နိုင်ညီးညီးနွံ ခရိုင် ဥက္ကဋ္ဌ။ ဗဟိုကော်မတီလည်း ဟုတ်တယ်။ နောက် နိုင်ဗညားလယ် စစ်တပ်က စစ်ကော်မတီအဖွဲ့ဝင်ပေါ့။ ဒုဗိုလ်မှူးကြီး ဗညားခမ်းနွံ၊ ခရိုင်အတွင်းရေးမှူး နိုင်ဧက တယောက်ပါတယ်။ ၇ ယောက်” လို့ ပြောပါတယ်။
မွန်ပြည်သစ်ပါတီနဲ့ အစိုးရ ကိုယ်စားလှယ်တွေဟာ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ တွေ့ဆုံကြမှာ ဖြစ်ပြီး စစ်ရေး၊ နိုင်ငံရေး ကိစ္စတွေကိုပါ ဆွေးနွေးညှိနှိုင်းကြမှာလို့ သိရတဲ့အပြင် ကချင်ပြည်နယ်မှာ ထိုးစစ်တွေ ရပ်ဆိုင်းပေးဖို့ကိုလည်း ထည့်သွင်း ပြောဆိုဖို့ရှိကြောင်း သိရပါတယ်။
မွန်ပြည်သစ်ပါတီဟာ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စုအဆင့် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကိုယ်စားလှယ်အဖွဲ့နဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလလ ၂၂ ရက်နေ့ ထိုင်းနိုင်ငံ စံခလဘူရီမြို့မှာ ပထမအကြိမ် တွေ့ဆုံခဲ့ဖူးပါတယ်။ အခု ဒုတိယအကြိမ် ထပ်မံတွေ့ဆုံဖို့ သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။
မွန်ပြည်သစ်ပါတီပါတီနဲ့ မြန်မာစစ်အစိုးရတို့ဟာ ၁၉၉၅ ခုနှစ်က အပစ်ရပ်စဲရေး လုပ်ခဲ့ပြီး ၂၀၁၀ ခုနှစ်မှာ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရေးကို မွန်က လက်မခံခဲ့တဲ့အတွက် မွန်ပြည်သစ်ပါတီနဲ့ မြန်မာအစိုးရအကြား အပစ်ရပ်စဲရေး သဘောတူညီချက်တွေ ပျက်ပြယ်ခဲ့ပါတယ်။