အိပ်ပျော်နေတဲ့ဘီလူးကြီး ၂ ကောင် (ဝါ) စွန့်ပစ်ဆီနဲ့ ညစ်ညမ်းရေဆိုးအန္တရာယ်

နှစ်သစ်ကူးခါသင်္ကြန် လွန်မြောက်ပြီးလို့ ပူလောင်ပြင်းရှလှတဲ့ “ဂိမှာန္တ” လရာသီရဲ့ နွေဥတု လက်ကြမ်းကြီးအောက်ကို ထဲထဲဝင်ဝင် ရောက်ပြီဆိုရင် လူသားတွေဟာ ပူလှလောင်လှချည့်ရဲ့လို့ စုတ်သပ်ညည်းတွားရင်း အေးမြရာ နေရာတွေကို အမောတကော ရှာဖွေကြပါတော့တယ်။ မြန်မာနိုင်ငံရဲ့ နှစ်စဉ် ပျမ်းမျှအပူချိန်ဟာ တနှစ်ထက်တနှစ် ပိုပူလာရတာဟာ ကမ္ဘာလုံးဆိုင်ရာ ပူနွေးလာခြင်း (Global Warming) ကြောင့် ဖြစ်ပါတယ်။ ကမ္ဘာကြီးပူနွေးလာရခြင်းမှာ ကမ္ဘာ့လေထုထဲတွင် ရေခိုးရေငွေ့များ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်များ၊ မီသိန်း၊ အိုဇုန်း အစရှိတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ (Greenhouse Gases) တွေ တိုးပွား သိပ်သည်းလာတာကြောင့် ဖြစ်ပါတယ်။ အဲဒီ ကမ္ဘာလုံးဆိုင်ရာ ပူနွေးလာမှု (Global Warming) နဲ့ ဆက်စပ်ပြီး ဖြစ်လာတဲ့ အကျိုးဆက်တွေဖြစ်တဲ့ လာနီညာကြောင့် မိုးများခြင်း၊ အယ်လ်နီညိုကြောင့် ပုံမှန်ထက် ပူလောင်ခြောက်သွေ့ခြင်း စတဲ့ ရာသီဥတု ပြောင်းလဲဖောက်ပြန်ခြင်း (Climate Change) တွေဟာ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှဒေသ၊ အရှေ့အာဖရိကနဲ့ ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းတွေမှာ ဖြစ်ပေါ်စေပါတယ်။ အဲဒီလို ကမ္ဘာလုံးဆိုင်ရာ ပူနွေးလာမှု (Global Warming) ဆိုတဲ့ အခြေအနေဆိုးကို ရောက်ရှိစေပြီး လေထုကို ထိခိုက်ညစ်ညမ်းစေတဲ့ အကြောင်းအရာတွေထဲမှာ  လူသားတွေရဲ့ ပယောဂများစွာဟာ အရင်းခံအကြောင်းတရားတွေအနေနဲ့ ပါဝင်ပါတယ်။ စက်မှုတော်လှန်ရေး ပေါ်ပေါက်လာပြီး နှစ်ပေါင်း ၂၆၀ ကျော်အတွင်း လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ပါဝင်မှု တရိပ်ရိပ် တက်လာတာဟာ အခုဆိုရင် လေထုကြီးထဲမှာ ပျမ်းမျှ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ပါဝင်မှုဟာ (400 ppm : parts per million) အပုံတသန်းမှာ အပုံလေးရာကျော်ခဲ့ပြီလို့ ဆိုပါတယ်။ လူသားတွေရဲ့ လောဘတကြီး သစ်တောတွေ ပရမ်းပတာ ခုတ်ထွင်မှု၊ ပြည့်စုံစွာ မလေ့လာဘဲ မြစ် ချောင်းတွေကနေ ရေအားလျှပ်စစ်ထုတ်မှုတွေ၊ စက်မှုလုပ်ငန်းကြီးတွေ၊ လူနေမြို့ပြကြီးတွေကနေ အဆင်အခြင်မဲ့ စွန့်ထုတ်လိုက်တဲ့ ဓာတုဗေဒ စွန့်ပစ်ပစ္စည်းတွေ၊ စွန့်ပစ်ဆီဟောင်း (Waste Oil) နဲ့ ညစ်ညမ်းရေဆိုး (Waste Water) တွေဟာ သဘာဝပတ်ဝန်းကျင်ရဲ့ ရေထု၊ မြေထုတွေကို ညစ်ညမ်းထိခိုက်လို့ ဂေဟစနစ် (Ecosystem) နဲ့ အစာကွင်းဆက်တွေကို ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်။ ဒီဆောင်းပါးမှာတော့ မြန်မာနိုင်ငံအဝန်းလုံးမှာရှိတဲ့ အချို့သော သတ္တုတူးဖော်ရေး လုပ်ငန်းတွေ၊ စက်မှုဇုန်ကြီးတွေ၊ စက်ရုံ အလုပ်ရုံကြီးတွေ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေကနေ စွန့်ပစ်ဆီတွေ (Waste Oil)၊ ညစ်ညမ်းရေဆိုးတွေ (Waste Water) ပရမ်းပတာ စွန့်ထုတ်နေမှုတွေကို ထိထိရောက်ရောက် တားဆီးနိုင်အောင် လုပ်ဆောင်သင့်တဲ့ အချက်တွေကို ဆွေးနွေးတင်ပြချင်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် စီးပွားရေးစီမံကိန်းတွေနဲ့အတူ သဘာဝပတ်ဝန်းကျင် မထိခိုက်ရအောင် ထိန်းချုပ်နိုင်ဖို့ လိုအပ်တဲ့ဥပဒေ၊ စီရင်ထုံးတွေ (Environmental Pollution Control Act)၊ နည်းဥပဒေ (Regulation) တွေ နိုင်ငံတကာအဆင့်နဲ့အညီ ပြဋ္ဌာန်းပေးဖို့ လိုသလို၊ တိကျတဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေလည်း သတ်မှတ်ပေးရပါမယ်။ ပြီးတော့ လိုက်နာရမယ့် စံရည်စံညွှန်းတွေ၊ လမ်းညွှန်လွှာ၊ လုပ်ငန်းစဉ်ပြပုံစံ (Standards, Guidelines and Procedures) တွေနဲ့ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းတွေ (Code of Practice for Pollution Control) ပြည့်ပြည့်စုံစုံ ထုတ်ပြန်ပေးဖို့ လိုပါတယ်။ အားလုံး သိကြတဲ့အတိုင်း တချို့ဥပဒေ၊ နည်းဥပဒေတွေ ရေးဆွဲပြီးပေမယ့် အချို့ဥပဒေတွေကတော့ ရေးဆွဲနေဆဲ ဖြစ်ပါတယ်။ လူနေရပ်ကွက်တွေနဲ့ လုပ်ငန်းခွင်သုံး စွန့်ပစ်ဆီနဲ့ ညစ်ညမ်းရေဆိုးတွေ ထိန်းချုပ်နိုင်ဖို့ ခေတ်နဲ့လျော်ညီတဲ့ မြေအောက်ရေဆိုးမြောင်း ပိုက်လိုင်းတွေ၊ ရေဆိုးသန့်စင်စက်ရုံတွေ၊ ရေဆိုးစစ်ကန်တွေ၊ ဓာတ်ခွဲခန်းတွေ၊ PH Monitoring အက်ဆစ်ပါဝင်မှု စောင့်ကြပ်ထိန်းကျောင်းရေး အပါအဝင် ကွပ်ကဲရေး၊ စစ်ဆေးရေးဗဟိုဌာနတွေ စတဲ့ လိုအပ်သော အပေါ်ထပ်အဆောက်အအုံတွေကို တည်ဆောက်ရမှာ လူတိုင်းလိုလို သဘောပေါက်ကြမှာပါ။ အဲဒါတွေအပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ရေတို ရေရှည် ရည်မှန်းချက်တွေ၊ ပေါ်လစီတွေ၊ ပညာပေးအစီအစဉ်တွေကို ကျောင်းစာသင်ခန်းတွေကနေ လုပ်ငန်းခွင်၊ အရပ်ဘက် လူ့အဖွဲ့စည်းတွေအထိ ကျယ်ကျယ်ပြန့်ပြန့် လှုံ့ဆော်ပညာပေးဖို့လည်း လိုအပ်ပါတယ်။ ထုတ်ပြန်ထားတဲ့ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှုရှိ၊ မရှိကိုလည်း အဂတိတရားကင်းကင်းနဲ့ စောင့်ကြပ်ထိန်းညှိပေးထားဖို့လည်း လိုပါတယ်။ လိုက်နာမှု ပျက်ကွက်ခဲ့ရင်လည်း လူပုဂ္ဂိုလ်တဦးချင်းကစလို့ ကုမ္ပဏီကြီးတွေအထိ ထိုက်သင့်သလို အရေးယူ ဒဏ်ခတ်မှုတွေ စံနမူနာပြ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ အဲဒီ စွန့်ပစ်ဆီ (Waste Oil) နဲ့ ညစ်ညမ်းရေဆိုး (Waste Water) တွေကို စင်ကာပူမှာ ဘယ်လို ထိန်းချုပ်ကိုင်တွယ်သလဲ ဆိုတာ စာဖတ်သူတွေ ဗဟုသုတရအောင် ရေးသား တင်ဆက်လိုက်ပါတယ်။ စင်ကာပူက စွန့်ပစ်ဆီ (waste oil) နဲ့ ရေဆိုး (waste water) ထိန်းချုပ်ဖို့ ရေဆိုးစွန့်ထုတ်မှု ဥပဒေ (Sewerage and Drainage Act-SDA) နဲ့ လုပ်ငန်းခွင်သုံး ညစ်ညမ်းရေဆိုး စွန့်ထုတ်မှုဆိုင်ရာ နည်းဥပဒေ (the Sewerage and Drainage (Trade Effluent Regulations) တွေ အသေးစိတ်ပြဋ္ဌာန်း ဆောင်ရွက်ပါတယ်။ စက်ရုံအလုပ်ရုံတွေကို အုပ်စု ၂ စု ခွဲထားတယ်။ ပထမအုပ်စုက လုပ်ငန်းပမာဏသေးတဲ့အုပ်စု ဖြစ်တယ်။ သူတို့က စွန့်ပစ်ဆီနဲ့ ညစ်ညမ်းရေဆိုးတွေကို ပြင်ပက ကန်ထရိုက်တာ (waste management contractor) တွေရဲ့ ဘောက်ဆာကားတွေငှားပြီး ရေဆိုးသန့်စင်စက်ရုံတွေဆီကို ပို့ခိုင်းပြီး ရှင်းလင်းကြတယ်။ အဲဒီအုပ်စုရဲ့ စွန့်ပစ်ဆီနဲ့ ညစ်ညမ်းရေဆိုးပမာဏက တနှစ်မှာ လီတာ ၁ သောင်းထက် ပိုမများရဘူး။ ဒီတော့ သူတို့စက်ရုံတွေမှာ အခန်းသုံးခန်းပါတဲ့ မြေအောက်ရေစစ်ကန် (underground interceptor) တူးလို့ စစ်ထုတ်ပေးပြီးမှ ကန့်သတ်ထားတဲ့ ရေဆိုးအဆင့်အတန်းမီတဲ့ ရေဆိုးကိုသာ နောက်ဆုံးကန်ကနေ  underground public sewage pipe line တွေကနေ အစိုးရရေဆိုးသန့်စင်ရုံတွေဆီ ပို့လွှတ်ရတာ ဖြစ်တယ်။  ပထမအဆင့်နဲ့ ဒုတိယအဆင့်ကန်တွေထဲက ပေါလောပေါ်နေတဲ့ ရေဆိုးအနှစ်တွေရယ်၊ မြေပြင်ပေါ်မှာ သံကန်ဆောက်ပြီး သီးသန့်စုထားရတဲ့ စွန့်ပစ်ဆီတွေကို ၃ လ တကြိမ်၊ ၄ လ တကြိမ် ကန်တွေပြည့်ခါနီးတိုင်း ဘောက်ဆာတွေခေါ်ပြီး စွန့်ပစ်ဆီ ရေဆိုးချက်စက်ရုံတွေဆီ ပို့ကြရတာ။ ဒုတိယအုပ်စုကတော့ လုပ်ငန်းပမာဏကြီးလွန်းတော့ စွန့်ပစ်ဆီနဲ့ ရေဆိုးအနှစ်ထွက်တာက တနှစ်မှာ လီတာ တသောင်းအထက် သိန်းချီထွက်တဲ့ စက်ရုံလုပ်ငန်းကြီးတွေပေါ့။ အဲ့ဒီအုပ်စုကြတော့ မြေအောက်ရေစစ်ကန် (Interceptor) လောက်နဲ့မနိုင်ဘူး၊ မရတော့ဘူး။ အစိုးရက ထုတ်ပြန်ထားတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အက်ဥပဒေအရ မဖြစ်မနေ ကိုယ်ပိုင် ရေဆိုးသန့်စင်စက်ရုံအငယ်စား (waste water treatment) တွေ၊ ဆီနဲ့ရေခွဲထုတ်ပြီး ဆီသန့်ပြန်ထုတ်တဲ့စက်တွေ (oil water separator) ထည့်သွင်းတည်ဆောက်ကြရတယ်။ မလိုက်နာရင် ပိုင်ရှင်နဲ့ တာဝန်ရှိသူတွေကို ငွေဒဏ် ဒေါ်လာ ၂၀၀,၀၀၀ နဲ့ ထပ်ချိုးဖေါက်ရင် ငွေဒဏ်ရော ထောင်ဒဏ်ပါ ကျခံရမှာဆိုတော့ ဘယ်သူမှ မချိုးဖောက်ရဲဘူးလေ။ ပထမအုပ်စုဝင်၊ ဒုတိယအုပ်စုဝင် စက်ရုံအလုပ်ရုံ အားလုံးမှာ ရေထွက်ပေါက် ၂ မျိုးရှိတယ်။ ပထမအမျိုးက သဘာဝမိုးရွာချလို့ စီးလာတဲ့ မိုးရေတွေကို မိုးရေခံမြောင်း (Monsoon Drains) တွေကတဆင့် နီးစပ်ရာ ချောင်းမြောင်းမြစ်တူးမြောင်းတွေ (Open water ways) ထဲ ဖောက်ချ စီးဆင်းစေတယ်။ စက်ရုံအလုပ်ရုံတွေထဲမှာ ညစ်ပတ်နေမယ် ဆီတွေယိုဖိတ်နေရင် မိုးရေနဲ့ရောပြီး မြစ်တွေ ချောင်းတွေ ရေကန်တွေထဲ ရောက်ကုန်ပြီး ရေတွေညစ်ညမ်းစေတော့တာပါ။ ထင်ရှားတဲ့ ဥပမာဆောင်ရရင် မန္တလေးစက်မှုဇုန်တွေထဲက ရေညစ်တွေ ပရံတော်ချောင်းကတဆင့် တောင်သမန်အင်းကို ညစ်ညမ်းစေပြီး ငါးတွေ အစုလိုက် အပြုံလိုက် သေကြ၊ နံစော်ကုန်တာမဟုတ်လား။ စင်ကာပူမှာတော့ အဲ့ဒီလို စက်ရုံတွေထဲကထွက်လာတဲ့ မိုးရေတွေ ညစ်ညမ်းမှုရှိမရှိကို အစိုးရရဲ့ အမျိုးသားပတ်ဝန်းကျင်ထိန်းသိန်းရေးအေဂျင်စီ (NEA) က ပုံမှန် စစ်ဆေးအရေးယူနေတဲ့အပြင် နည်းပညာအကူအညီတွေ၊ စောင့်ကြည့်ကင်မရာတွေ၊ အာရုံခံ ဆင်ဆာစနစ်တွေ တတ်ဆင်ပြီး ၂၄ နာရီ စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။ ဒုတိယရေထွက်ပေါက်ကတော့ မြေအောင်ရေဆိုးပိုက်လိုင်းတွေကနေ ရေဆိုးသန့်စင်ရုံတွေဆီကို စီးဆင်းသွားတဲ့ ရေထွက်ပေါက်ပါပဲ။ စင်ကာပူမှာတော့ စက်ရုံတိုင်းဟာ မိမိစက်ရုံဝင်းထဲက ရေဆိုးပေါက်အဝင်ဝမှာ ရေဆိုးနမူနာကို လစဉ်ခပ်ယူပြီး ဓာတ်ခွဲခန်းတွေဆီ ပို့ဆောင်ကြရပါတယ်။ အဲ့ဒီကရတဲ့ ဓာတ်ခွဲခန်းအဖြေ ရလဒ်ကို အမျိုးသားပတ်ဝန်းကျင်ထိန်းသိန်းရေးအေဂျင်စီ (NEA) ဆီကို ပို့ပေးရပါတယ်။ ရလဒ် အစီရင်ခံစာက အစိုးရက ခွင့်ပြုထားတဲ့ ရေဆိုးအဆင့်သတ်မှတ်ချက် (Allowable Limits For Trade Effluent Discharge To Sewer) ထက် ကျော်လွန်နေတဲ့ ရေဆိုးဖြစ်နေရင် ထုချေလွှာတင်ပြီး ဘာကြောင့်ဖြစ်တာလဲဆိုတာ စုံစမ်းစစ်ဆေး အရေးယူရပါတယ်။ အဲ့သလိုမျိုး ဒုတိယအကြိမ် ကျော်လွန်နေရင်တော့ ငွေဒဏ်ဆောင်ရမှာဖြစ်ပါတယ်။ တတိယအကြိမ်ဆိုရင်တော့ ပိုပြီး အပြစ်ကြီးလေးပါတယ်။ ဒီနေရာမှာ ခွင့်ပြုထားတဲ့ ရေဆိုးအဆင့်သတ်မှတ်ချက် (Allowable Limits For Trade Effluent Discharge To Sewer) အကြောင်း အနည်းငယ် ရှင်းပြချင်ပါတယ်။ ပြင်ပရေဆိုးမြောင်းတွေထဲ စွန့်ထုတ်တော့မယ့် စက်မှုလုပ်ငန်းသုံး စွန့်ပစ်ရေတွေဟာ ရေထဲမှာနေကြတဲ့ ရေနေသတ္တဝါတွေ၊ အေရိုးဘစ်ဘက်တီးရီးယား (Aerobic Bacteria) တွေ၊ ပရမာအနုမြူအရွယ် ဇီဝဓာတ် (Microorganisms) တွေ ပေါက်ပွားရှင်သန်နိုင်တဲ့ အခြေအနေအဆင့်မှာ ရှိနေရမယ့် သတ်မှတ်ချက်ပါပဲ။ ဥပမာတချို့ရေးပြရရင် ရေထဲမှာပါတဲ့ အက်ဆစ်ဓာတ်ပါဝင်မှုကိုပြတဲ့ PH Level နဲ့ ဇီဝဓာတုရှင်သန်ရေး အောက်ဆီဂျင်ပါဝင်မှုကိန်းပြ (Biochemical Oxygen Demand - BOD) ဆိုတဲ့ ပရမာအနုမြူအရွယ် ဇီဝကောင်တွေအတွက် ရေထဲမှာပါတဲ့ ဩဂဲနစ်ဓာတ်ပေါင်းတွေကို ချေဖျက်စားသုံးရှင်သန်ဖို့ လိုအပ်တဲ့  အောက်ဆီဂျင်ပျော်ဝင်နေမှု ပမာဏအတိုင်းအတာတွေ ပါဝင်ရမှာ ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံရဲ့ သတ်မှတ်ချက်ကတော့ စွန့်ထုတ်မယ့်ရေဆိုးတွေဟာ PH Level အနေနဲ့ ၆ နဲ့ ၉ ကြားမှာ ရှိနေရပြီး BOD တန်ဖိုးကတော့ 50 milligram per litre ဖြစ်ပါတယ်။ အသေးစိတ်ကို  အောက်ပါဇယားမှာ ကြည့်ရှုနိုင်ပါတယ်။ အဲ့ဒီသတ်မှတ်ချက်တွေ မပြည့်မီတဲ့ ညစ်ညမ်းရေဆိုးတွေသာ အများပိုင်ရေထုတွေဖြစ်တဲ့ မြစ်ချောင်း၊ အင်းအိုင်၊ ရေကန်တွေထဲ စီးဝင်သွားတာနဲ့ ရေနေသတ္တဝါတွေ၊ ပရမာအနုမြူအရွယ် ဇီဝကောင်တွေ မရှင်သန်နိုင်ဘဲ သေဆုံးမှုတွေ၊ ရေတွေ ပုပ်အဲ့လာမယ်၊ အနံ့အသက်တွေ ဆိုးရွားရုံတင်သာမက အနီးနားမှာ နေထိုင်ကြတဲ့ တိရစ္ဆာန်၊ လူသတ္တဝါတွေ ကျန်းမာရေးထိခိုက်လာမယ်၊ ကာလဝမ်းရောဂါ အစရှိတဲ့ ကူးစက်ရောဂါဆိုးတွေ ဖြစ်ပွားလာမယ်၊ မြေပေါ်မြေအောက်ရေထုတွေ၊ မြေထုတွေ ဆိုးဆိုးရွားရွား ညစ်ညမ်းလာရင် ဂေဟစနစ်နဲ့ အစာကွင်းဆက်တွေ (Ecosystem) အထိ ပျက်စီးလို့ ရှားပါးသတ္တဝါတွေ မျိုးတုံးပျောက်ကွယ်နိုင်တဲ့အထိ အန္တရာယ်ကြီးလှပါတယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်ကို အဆိပ်သင့်စေတဲ့ စွန့်ပစ်ဆီနဲ့ ညစ်ညမ်းရေဆိုးအန္တရာယ်ကို ထိထိရောက်ရောက် ကာကွယ်နိုင်ဖို့ အုပ်ချုပ်တဲ့အစိုးရ၊ သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းတွေ၊ ပညာရှင်တွေ၊ စက်မှုလက်မှုလုပ်ငန်းရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပြည်သူလူထုတရပ်လုံး ပူးပေါင်းလက်တွဲ လုပ်ဆောင်ကြဖို့ လိုအပ်ပါကြောင်း တင်ပြလိုက်ပါတယ်။ Singapore Allowable Limits For Trade Effluent Discharge To Sewer မင်းကောင်းချစ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up