Home
မြန်မာသတင်း
နွားများကို ခွာနာလျှာနာ ကာကွယ်ဆေးလာထိုးပေးကြရန် မွေး/ကု တိုက်တွန်း
DVB
·
May 5, 2017
ဝမ်းတွင်းမှာရှိတဲ့ နွားတွေကို ပိုင်ရှင်တွေအနေနဲ့ ခွာနာလျှာနာ ကာကွယ်ဆေးလာထိုးပေးကြဖို့  မွေးမြူးရေးနှင့်ကုသရေးဦးစီးဌာနက တိုက်တွန်းလိုက်ပါတယ်။ မိုးရာသီ တောင်ယာလုပ်ငန်းခွင်အတွင်း နွားများ ခွာနာလျှာနာရောဂါ ကင်းဝေးပြီး တောင်သူတွေ အခက်အခဲမဖြစ်စေဖို့ မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်မှာ အခမဲ့ ကာကွယ်ဆေးထိုးပေးနေပါတယ်။ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ (OIE) နဲ့ နယူးဇီလန်နိုင်ငံက ထောက်ပံ့ပြီး မွေးမြူးရေးနှင့်ကုသရေးဦးစီးဌာနက မေ ၄ ရက်နေ့ကနေ မေ ၁၈ နေ့အထိ ကူညီဆေးထိုးပေးနေတာပါ။ နွားပိုင်ရှင်တွေအကြားမှာတော့ ဒီဆေးထိုးရင် နွား အစားပျက်၊ ပိန်၊ သားလျှော၊ နို့မထွက် ဖြစ်တတ်တယ်ဆိုတဲ့ ကောလာဟလတွေကြောင့် ဆေးထိုးဖို့ တွန့်ဆုတ်နေကြပါတယ်။ ဝမ်းတွင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာခင်သက်က ကာကွယ်ဆေး လာထိုးကြဖို့ နွားပိုင်ရှင်တွေကို တိုက်တွန်းပါတယ်။ “နွားတွေအတွက် အမှန်တကယ် လိုအပ်ပါတယ်။ မြို့နယ်တခုလုံးက နွားတွေရဲ့ သွေးတွေကို ရယူပြီး စနစ်တကျ ဓာတ်ခွဲစမ်းသပ်ပြီးမှ လိုအပ်လို့ ကာကွယ်ဆေးထိုးပေးတာပါ။” ဆယ်ရွာ ဆယ်အိမ်စုမှူးခေါင်းဆောင် ကိုဆန်းဝင်းကလည်း ကောလာဟလတွေကို မယုံကြည်ကြဖို့ ပြောပါတယ်။ “တကယ်လိုလို့ ဝယ်ထိုးရင် နွားတကောင် ငွေသုံးထောင်လောက် ကုန်တယ်။. တရွာလုံး နွားအကောင် နှစ်ထောင်လောက်ရှိတယ်။ အခု အလကားလာထိုးတုန်း ထိုးထားကြလို့ နှိုးဆော်ထားတယ်။” ကွေ့ကြီးရွာက နွားအုပ်ပိုင်ရှင် ကိုထွန်းညိုကလည်း ကာကွယ်ဆေးထိုးကြဖို့ ထောက်ခံ ပြောဆိုပါတယ်။ “မနှစ်ကလည်း ကျနော့်နွားတွေ ကာကွယ်ဆေးထိုးတယ်။ အခု ကြားနေရတဲ့ ကောလာဟလတွေလို မဖြစ်ပါဘူး။ နွားတွေ ကျန်းမာရေးတောင် ပိုကောင်းလာတယ်” လို့ ပြောပါတယ်။ OIEနဲ့ မွေးမြူရေးရေလုပ်ငန်းနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပူးပေါင်းပြီး စစ်တမ်းကောက်ယူမှုအရ မန္တလေးတိုင်းဒေသအတွင်း ၁၃ မြို့နယ်မှာ နွားများ ခွာနာလျှာနာ ဖြစ်နိုင်ခြေရှိတဲ့ နေရာတွေမှာ ထောက်ပံ့တဲ့ ငွေကြေးကို ချိန်ဆပြီး အခမဲ့ ကာကွယ်ဆေးထိုးပေးတာ ဖြစ်ပါတယ်။ ဝမ်းတွင်းမြို့နယ် ကျေးရွာပေါင်း ၂၁၈ ရွာရှိတဲ့အနက် ၇၄ ရွာပဲ အခမဲ့ ကာကွယ်ဆေးထိုးပေးမှာ ဖြစ်ပါတယ်။ ယခင်နှစ်က ဒီလို မရှိခဲ့ဘဲ ထုတ်ယူတဲ့ ဆေးဘူးအတိုင်း အခွံတွေဌာနကို ပြန်အပ်ပေးရကာ၊ ဆေးထိုးတဲ့ နွားစားရင်း ပြုစုပေးရတယ်လို့လည်း သိရပါတယ်။ သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024