DVB Logo
Home
မြန်မာသတင်း
ကျင့်​ဝတ်​စောင့်​ထိန်း​သည့်​ ရင်း​နှီး​မြှုပ်နှံမှုများ​အတွက် အ​ခြေအ​နေဖန်တီး​မည်ဟု ​ဒေါ်​အောင်ဆန်း​စုကြည်​ပြော
DVB
·
January 27, 2012
ကျင့်​ဝတ်​စောင့်​ထိန်း​သည့်​ ရင်း​နှီး​မြှုပ်နှံမှုများ​အတွက် အ​ခြေအ​နေဖန်တီး​မည်ဟု ​ဒေါ်​အောင်ဆန်း​စုကြည်​ပြော
Donate to DVB

ဆွစ်ဇာလန်နိုင်ငံမှာ ဒါဗို့​စ်မြို့​မှာ ကျင်း​ပ​နေတဲ့​ ကမ္ဘာ့​စီး​ပွား​ရေး​ ညီလာခံအတွက် ​ပေး​ပို့​တဲ့​ ဗွီဒီယိုမိန့်​ခွန်း​မှာ ​ဒေါ်​အောင်ဆန်း​စုကြည်က မြန်မာပြည်မှာ ကျင့်​ဝတ်ထိန်း​သိမ်း​တဲ့​ ရင်း​နှီး​မြှုပ်နှံမှု​တွေ ဝင်​ရောက်လာမယ့်​ အ​ခြေအ​နေ​တွေ ဖန်တီး​ဖို့​ ဆန္ဒရှိတယ်လို့​ ​ပြောကြား​လိုက်ပါတယ်။

စီး​ပွား​ရေး​ဖွံ့​ဖြိုး​တိုး​တက်မှုဟာ နိုင်ငံတကာ​ငွေ​ကြေး​ဆိုင်ရာ အဖွဲ့​အစည်း​တွေက ​ဖော်ပြ​နေတဲ့​ ကိန်း​ဂဏန်း​တွေ​လောက်နဲ့​ မလုံ​လောက်ဘဲ တရား​ဥပ​ဒေစိုး​မိုး​မှု ရှိဖို့​လည်း​ လိုအပ်တယ်လို့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောပါတယ်။

“စီး​ပွား​ရေး​တိုး​တက်မှုဆိုတာ နိုင်ငံတကာ ​ငွေ​ကြေး​ဆိုင်ရာ အဖွဲ့​အစည်း​တွေက ​ဖော်ပြတဲ့​ ကိန်း​ဂဏန်း​တွေအ​ပေါ်မှာပဲ မှီခို​နေတာမဟုတ်ပါဘူး​။ တရား​စီရင်​ရေး​စနစ် ပြုပြင်​ပြောင်း​လဲမှု၊​ ဥပ​ဒေပြုမှုကဏ္ဍမှာ ပြုပြင်​ပြောင်း​လဲမှု​တွေနဲ့​ အား​ဖြည့်​ပေး​ဖို့​ လိုအပ်ပါတယ်။ ဒါမှ စိတ်ချရတဲ့​ အ​ခြေအ​နေရှိပြီး​ ဥပ​ဒေ​တွေလည်း​ မျှမျှတတနှင့်​ အပြည့်​အဝ သက်​ရောက်နိုင်မှာဖြစ်ပါတယ်။ မြန်မာပြည်ကို ကျင့်​ဝတ်​စောင့်​ထိန်း​ပြီး​ တီထွင်ဆန်း​သစ်မှုကို အား​ပေး​တဲ့​ ရင်း​နှီး​မြှုပ်နှံမှု​တွေ ဝင်​ရောက်လာဖို့​ နိုင်ငံ​ရေး​အရ၊​ လူမှု​ရေး​အရ၊​ သဘာဝပတ်ဝန်း​ကျင်မျိုး​ကို ဖန်တီး​ဖို့​ ကျမတို့​မှာ ဆန္ဒရှိပါတယ်။”

ပြီး​ခဲ့​တဲ့​နှစ်ကလည်း​ အလား​တူ ဒါဗို့​စ် ကမ္ဘာ့​စီး​ပွား​ရေး​ ထိပ်သီး​ညီလာခံကို ​ဒေါ်​အောင်ဆန်း​စုကြည်က မိန့်​ခွန်း​ပြောကြား​ခဲ့​ပါတယ်။ ဒီနှစ် မြန်မာပြည် အ​ခြေအ​နေဟာ မနှစ်ကထက် တိုး​တက်မှု​တွေ ရှိ​နေပြီလို့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောပါတယ်။

“မနှစ်တုန်း​က မြန်မာပြည်မှာ နိုင်ငံ​ရေး​တည်ငြိမ်မှု၊​ အမျိုး​သား​ ပြန်လည်သင့်​မြတ်​ရေး​၊​ တရား​ဥပ​ဒေစိုး​မိုး​မှု​တွေ လိုအပ်တဲ့​ အ​ကြောင်း​ ​ပြောခဲ့​ပါတယ်။ ဒါ​တွေရှိမှ စစ်မှန်တဲ့​ ဒီမိုက​ရေစီအသွင်ကူး​ပြောင်း​ရေး​၊​ လူသား​ဖွံ့​ဖြိုး​မှု၊​ စီး​ပွား​ရေး​တိုး​တက်မှု​တွေ ရရှိနိုင်မယ်လို့​ ​ပြောခဲ့​ပါတယ်။ မြန်မာပြည်သူ​တွေရဲ့​ ဆန္ဒကလည်း​ ပိုပြီး​ လုံခြုံပြီး​ ​ပျော်ရွှင်စရာ​ကောင်း​တဲ့​ ကမ္ဘာကြီး​ဖြစ်လာဖို့​ ကိုယ်တတ်နိုင်တဲ့​အပိုင်း​က ဝိုင်း​ဝန်း​လုပ်​ဆောင်ဖို့​ ဖြစ်ပါတယ်။ တနှစ်ကြာတဲ့​ အချိန်မှာ ကျမအ​နေနဲ့​ ​ပြောနိုင်တာက ကျမတို့​ အဲဒီ စိန်​ခေါ်ချက်​တွေကို ဖြည့်​ဆည်း​နိုင်ဖို့​ ​ရှေ့​ကို ခရီး​ဆက်နိုင်ခဲ့​ပါပြီ။ ကြီး​မား​တဲ့​ အ​ပြောင်း​အလဲ အ​ခြေအ​နေကို မ​ရောက်​သေး​ပေမယ့်​ အဲဒီအ​ခြေအ​နေကို တက်လှမ်း​နိုင်ဖို့​ ရှား​ရှား​ပါး​ပါး​၊​ အဖိုး​တန်တဲ့​ အခွင့်​အလမ်း​တွေ ရှိ​နေပါပြီ။”

ဒီနှစ် ညီလာခံကို နိုင်ငံ​ပေါင်း​ ၄၀ ဝန်း​ကျင်က နိုင်ငံ​ခေါင်း​ဆောင်​တွေနဲ့​ ကမ္ဘာ့​စီး​ပွား​ရေး​ ကုမ္ပဏီကြီး​တွေက ကိုယ်စား​လှယ်​တွေ စုစု​ပေါင်း​ ၁,၆၀၀ နီး​ပါး​ တက်​ရောက်ခဲ့​ကြပြီး​ မြန်မာ အစိုး​ရကိုယ်စား​ စက်မှုဝန်ကြီး​ ဦး​စိုး​သိန်း​က တက်​ရောက်ပါတယ်။

စီး​ပွား​ရေး​ညီလာခံကို ​ပေး​ပို့​တဲ့​ မိန့်​ခွန်း​မှာ ​ဒေါ်​အောင်ဆန်း​စုကြည်က ဧပြီလ ကြား​ဖြတ် ​ရွေး​ကောက်ပွဲအတွက် အလုပ်များ​နေတဲ့​အတွက် ဒီနှစ်မှာ မတက်​ရောက်နိုင်​ပေမယ့်​ တချိန်မှာ တက်​ရောက်နိုင်ဖို့​ ​မျှော်လင့်​တယ်လို့​ ထည့်​ပြောသွား​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013