Home
ဆောင်းပါး
သံတုတ်ကိုင် စီမံအုပ်ချုပ်ပုံစနစ်မှသည် နိုင်ငံတကာ စံရည်စံညွှန်းမီ စီမံအုပ်ချုပ်ပုံစနစ်ဆီ
DVB
·
May 4, 2017
  သမိုင်းမတင်မီခေတ်ကနေ ဒီကနေ့ခေတ်ထိတိုင်အောင် လူ့သမိုင်းရဲ့ ဖွံ့ဖြိုးတိုးတက်လာမှု အဆင့်ဆင့်ကို လေ့လာကြည့်လိုက်ရင် သမိုင်းခေတ်အမျိုးမျိုးမှာ စီမံအုပ်ချုပ်ပုံစနစ် (Management System) အမျိုးမျိုး  ပေါ်ထွန်းခဲ့ပါတယ်။ အလွန်ရှေးကျတဲ့ သမိုင်းဦးဘုံမြေခေတ်မှာ ကျင့်သုံးခဲ့ကြတဲ့ မိခင်အုပ်ထိန်းသော စနစ်၊ ကျွန်ပိုင်ရှင်ခေတ်နဲ့ မြေရှင်ပဒေသရာဇ်ခေတ်တွေမှာ အီဂျစ်ရဲ့ ပိရမစ် တည်ဆောက်ရေး စီမံအုပ်ချုပ်ပုံစနစ်၊ မာယာယဉ်ကျေးမှု လူ့အဖွဲ့အစည်းရဲ့ စီမံအုပ်ချုပ်ပုံစနစ်၊ ဂရိ၊ အေသင်၊ ရောမမြို့ပြနိုင်ငံတွေက စီမံအုပ်ချုပ်ပုံစနစ် စတာတွေဟာ အစောပိုင်းကျတဲ့ လူ့အဖွဲ့အစည်းတွေရဲ့ ခေတ်ကာလအခြေအနေ၊ စားဝတ်နေရေး၊ လူနေမှုဘဝ လိုအပ်ချက်၊ အသိဉာဏ်၊ ကိုယ်ကျင့်တရားတွေနဲ့ လိုက်လျောညီထွေစွာ ပေါ်ထွန်းလာတဲ့ စီမံအုပ်ချုပ်ပုံစနစ်တွေ ဖြစ်ကြပါတယ်။ အဲဒီနောက်တော့ ၁၈ ရာစုနှောင်းပိုင်းမှာ စက်မှုတော်လှန်ရေးနဲ့အတူ ပေါ်ထွန်းလာတဲ့ စက်ရုံ အလုပ်ရုံတွေ၊ ဧရာမ ကုန်ထုတ်လုပ်ငန်းကြီးတွေအတွက် လိုအပ်လာတဲ့ ပိုမိုထိရောက်တဲ့ စီမံအုပ်ချုပ်ပုံစနစ် သီအိုရီကို စတင်လမ်းဖောက်ခဲ့သူကတော့  ဖရက်ဒရစ် ဝင်စလော တေလာ (Frederick Winslow Taylor) ပဲ ဖြစ်ပါတယ်။ သူဟာ စီမံအုပ်ချုပ်ပုံစနစ်ကို အစောဆုံး သိပ္ပံနည်းကျ ချဉ်းကပ်ခဲ့တာကြောင့် မျက်မှောက်ခေတ် စီမံအုပ်ချုပ်ပုံစနစ်ကို အစပျိုးခဲ့တဲ့ ကနဦးလူအဖြစ် သူ့ကို သတ်မှတ်ခဲ့ကြပါတယ်။ တေလာရဲ့ စီမံအုပ်ချုပ်ပုံစနစ်အမြင်က လက်ထဲမှာရှိနေတဲ့ လုပ်ငန်းဆောင်တာနဲ့ ပြောင်းလဲရွေ့လျား ဆောင်ရွက်နိုင်အား လုပ်ကိုင်နိုင်ရည်အပေါ်မှာ အခြေပြုထားတာပါ။ သူ့ရဲ့သီအိုရီက လျော်ကန်သင့်မြတ်တဲ့ အလုပ်အကိုင် ဒီဇိုင်းထုတ်ခြင်းအားဖြင့် အလုပ်သမားတွေမှာ စိတ်ပါလက်ပါ လုပ်ကိုင်လိုစိတ်တွေ နိုးထလာစေပြီး ကုန်ထုတ်လုပ်မှုနဲ့ စွမ်းဆောင်ရည် ပိုမိုမြင့်တက်လာစေမယ်လို့ ဆိုပါတယ်။ တေလာရဲ့ စီမံအုပ်ချုပ်ပုံစနစ်ကို သိပ္ပံနည်းကျ ချဉ်းကပ်မှုဟာ စက်ရုံလုပ်သားတွေရဲ့ ရည်မှန်းချက်နဲ့ အလုပ်တာဝန် နယ်ပယ်ကို ပြောင်းလဲစေခဲ့ရုံမက အရင်တုန်းက ဘူလီဗိုလ်ကျတဲ့ အလုပ်သမားတွေကို ကျွမ်းကျင်လုပ်သားတွေ အလုပ်ကြပ်တွေ၊ အုပ်ချုပ်သူတွေအဖြစ် အသွင်ပြောင်းပြီး သူတို့ရဲ့ တာဝန်ဝတ္တရားတွေကို ပြောင်းလဲစေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နိုင်ငံချင်းချင်း ကူသန်းရောင်းဝယ်မှုတွေ၊ ရေခြားမြေခြား ကုန်ထုတ်လုပ်ငန်းတွေ အဆင့်ဆင့် ပြောင်းလဲတိုးတက်လာတဲ့ ကမ္ဘာ့ရွာကြီးရဲ့ စီးပွားရေးပုံစံသစ်တွေ၊ ဒေသအလိုက် စုစည်းလာတဲ့ ကုန်သွယ်ရေးဇုန်ကြီးတွေ၊ နည်းပညာ တိုးတက်လာမှုတွေနဲ့ ကိုက်ညီတဲ့ စီမံအုပ်ချုပ်ပုံစနစ်တွေ ပေါ်ထွက်လာခဲ့ကြပါတယ်။ ၁၉၀၁ ခုနှစ် လန်ဒန်မြို့မှာ ဗြိတိသျှ စံရည်စံညွှန်းအင်စတီကျူးရှင်း British Standards Institution (BSI) ရဲ့ ရှေ့တော်ပြေးဖြစ်တဲ့ အင်ဂျင်နီယာဆိုင်ရာ စံရည်စံညွှန်းကော်မတီ Engineering Standards Committee တရပ် ပေါ်ထွက်လာခဲ့တယ်။ အဲဒီအဖွဲ့အစည်းဟာ ဗြိတိသျှ စံရည်စံညွှန်း (BS) တွေ ပြဋ္ဌာန်းခဲ့ပြီး လုပ်ငန်းခွင်အန္တရာယ်နဲ့ ကျန်းမာရေးဆိုင်ရာ အကဲဖြတ်ရေး စံရည်စံညွှန်း အိုးရှား ၁၈၀၀၁ စီးရီး (OHSAS 18001, Occupational Health and Safety Assessment Series) Management System စီမံအုပ်ချုပ်ပုံစနစ် ပေါ်ထွက်လာရေးမှာလည်း အဓိကအခန်းက ပါဝင်ခဲ့တယ်။ ပထမကမ္ဘာစစ်ကြီး ပြီးတဲ့နောက်ပိုင်း ၁၉၂၆ ခုနှစ်မှာတော့ နောင်မှာ "International Organization For Standardization" (ISO) လို့ လူသိများလာမယ့် International Federation of the National Standardizing Associations (ISA) နိုင်ငံပေါင်းစုံ အမျိုးသားစံရည်စံညွှန်းအဖွဲ့ ပေါ်ထွန်းလာခဲ့တယ်။ အဲဒီအဖွဲ့ဟာ ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၂ ခုနှစ်မှာ အဖျက်သိမ်းခံရပြီး ၁၉၄၆ ခုနှစ် လန်ဒန်မြို့မှာ ၂၅ နိုင်ငံ ကိုယ်စားလှယ်တွေ တွေ့ဆုံပြီးတဲ့နောက် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်မှာ လက်ရှိနာမည်ဖြစ်တဲ့ ISO အမည်နဲ့ ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ရုံးစိုက်ပါတယ်။ "ISO" ဆိုတဲ့ စကားလုံးဟာ ဂရိစကား "isos" ကို ယူထားတာလို့ ယူဆသူတချို့ရှိပြီး ညီမျှမှု "equal" လို့ အဓိပ္ပာယ်ရပါတယ်။ အခုဆို အဖွဲ့ဝင်နိုင်ငံပေါင်း ၁၆၂ နိုင်ငံဟာ နိုင်ငံတကာစံရည်စံညွှန်း စီမံအုပ်ချုပ်ပုံစနစ် ISO Management System  ကို ကျင့်သုံးနေကြပါတယ်။ တကယ်တော့ အဖွဲ့အစည်းတရပ်ရဲ့ နိုင်ငံတကာအဆင့်မီ စီမံအုပ်ချုပ်ပုံစနစ် (Management System) ဆိုတာဟာ အဲဒီအဖွဲ့အစည်းရဲ့ ရည်မှန်းချက်တွေ ပြည့်မီအောင် အကောင်အထည်ဖော်နိုင်ဖို့အတွက် လိုအပ်တဲ့ ပေါ်လစီ၊ လုပ်ငန်းစဉ်၊ လုပ်နည်းကိုင်ဟန် အဆင့်ဆင့်တွေကို နိုင်ငံတကာ စံရည်စံညွှန်းအတိုင်း အခြေပြု ရေးဆွဲထားတဲ့ မူဘောင် ကိုယ်ထည်တခုပါပဲ။ ကဲ… အခု နမူနာတရပ်အနေနဲ့ မြန်မာနိုင်ငံမှာ လူပြောများလှတဲ့ YBS လို့ အတိုကောက်ခေါ်ကြတဲ့ ရန်ကုန် ဘတ်စ်ကားစနစ်သစ်အကြောင်း ဆွေးနွေးပါ့မယ်။ ရန်ကုန်မြို့မှာ အရင်အစိုးရလက်ထက်က ရှိခဲ့တဲ့ “မထသ” မော်တော်ယာဉ်အသင်းဟာ ခရီးသွား အများပြည်သူတွေရဲ့ အကျိုးစီးပွားကို ဦးထိပ်မထားတဲ့အပြင် ခရီးသည် ဝန်ဆောင်မှုပေးရာမှာ အလွန်ဆိုးဝါးတဲ့ နာမည်ပျက်ရှိတာမို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့သစ်က “မထသ” ကို ဖျက်သိမ်းခဲ့ပြီး YBS လို့ အမည်ပေးထားတဲ့ ရန်ကုန် ဘတ်စ်ကားစနစ်သစ်ကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က စတင်ပြေးဆွဲခဲ့တာ လူတိုင်း သိပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြောင်းခါစလေးမှာ ကောက်ရိုးမီး ဟုန်းခနဲတောက်ပြီး ငြိမ်းသွားသလို စည်းကမ်းလိုက်နာသယောင် ရှိရာက အရင်အကျင့်ဟောင်းတွေ ပြန်ပေါ်လာပြီး “YBS” ယာဉ်မောင်းတချို့ရဲ့ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း၊ ယာဉ်မောင်းစည်းကမ်းနဲ့ ဝန်ဆောင်မှုကျင့်ဝတ်တွေ လိုက်နာဖို့ ပျက်ကွက်၊ စည်းပျက်ကမ်းပျက် လုပ်ဆောင်လာခဲ့ကြပါတယ်။ အရင်အတိုင်း လုမောင်းကြ၊ ပြဿနာဖြစ်ရင် သံတုတ်တွေရမ်း ဖြေရှင်းနေဆဲပဲလို့ စိတ်မချမ်းမြေ့ဖွယ် သတင်းတွေ ဖတ်ကြရပါတယ်။ ဒါကိုကြည့်လိုက်ရင် YBS ရဲ့ စီမံအုပ်ချုပ်ပုံဟာ အရင်အဖွဲ့အစည်းဖြစ်တဲ့ “မထသ” အသင်းရဲ့ စီမံအုပ်ချုပ်စနစ်ကို ဆက်လက်စွဲကိုင်ထားဆဲပဲ ဆိုတာကို ခန့်မှန်းကြည့်နိုင်ပါတယ်။ စစ်အာဏာရှင်စနစ်အောက်မှာ ဖွဲ့စည်းခဲ့တဲ့ စီမံအုပ်ချုပ်ပုံစနစ် တရပ်ဟာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံစနစ်လို အခွင့်ထူးခံအာဏာပိုင် စီမံအုပ်ချုပ်ပုံစနစ် ဖြစ်နေမှာ ဗေဒင်မေးစရာ မလိုလောက်ပါဘူး။ ဒီတော့ အထက်မှာပြောခဲ့တဲ့ YBS ယာဉ်မောင်းတွေရဲ့ စည်းကမ်းနဲ့ စွမ်းဆောင်ရည်တွေ ကောင်းလာဖို့ဆိုရင် YBS ရဲ့ ဖွဲ့စည်းပုံကို ခေတ်နဲ့လျော်ညီတဲ့ ဖွဲ့စည်းပုံဖြစ်အောင်၊ နိုင်ငံတကာ စံရည်စံညွှန်းတွေနဲ့ ညီညွတ်တဲ့ စီမံအုပ်ချုပ်ပုံစနစ် ဖြစ်လာအောင် ပြန်လည်ပြင်ဆင်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒါကြောင့်လည်း အင်းစိန်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က “YBS” ကို ယခုထက် ပိုမိုကောင်မွန်လာစေရေးနဲ့ ထိရောက်သော စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်ပြီး လုပ်ငန်းဆောင်ရွက်ချက်များအား အများပြည်သူ သိရှိနိုင်ရေး ပွင့်လင်းမြင်သာမှုရှိစွာ ချပြနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့ပါတယ်။ အဲဒီအဆိုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂၆ ဦး ဆွေးနွေးခဲ့ကြပြီး ဧပြီ ၂၇ ရက်နေ့က ကျင်းပခဲ့တဲ့ လွှတ်တော်မှာ အဆုံးအဖြတ်ရယူပြီး အတည်ပြုခဲ့ကြပါတယ်။ YBS ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေမှ မဟုတ်ပါဘူး၊ မြန်မာနိုင်ငံ တနံတလျားက စက်ရုံ အလုပ်ရုံ လုပ်သားတွေ၊ အစိုးရအမှုထမ်း အရာထမ်းတွေ၊ ကုမ္ပဏီ ဝန်ထမ်းတွေရဲ့ လုပ်ငန်းခွင်စည်းကမ်း ချိုးဖောက်မှုတွေ၊ ဝန်ဆောင်မှုနဲ့ စွမ်းဆောင်ရည် နိမ့်ကျနေမှုတွေကို ပြုပြင်ထိန်းကျောင်းနိုင်ဖို့အတွက် အခြေခံအကျဆုံး လိုအပ်ချက်က တိကျတဲ့ တာဝန်ဝတ္တရားတွေ၊ တာဝန်ယူမှု တာဝန်ခံမှုတွေ၊ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ၊ ဘက်မလိုက်တဲ့ အရေးယူမှု လုပ်ထုံးလုပ်နည်းနဲ့ အပြစ်ဒဏ် သတ်မှတ်ချက်တွေကို နိုင်ငံတကာစံရည်စံညွှန်းတွေကို အာမခံပေးနိုင်မယ့် ဆိုင်ရာဆိုင်ရာ စီမံခန့်ခွဲအုပ်ချုပ်စနစ် (Management System) တရပ် တည်ထောင်ဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာမှာ အသုံးပြုနေတဲ့ စီမံခန့်ခွဲ အုပ်ချုပ်စနစ် (Management System) ရဲ့ အခြေခံအစိတ်အပိုင်း ၂၀ ရှိတဲ့အနက်က အရေးပါဆုံး အစိတ်အပိုင်း ၈ ခုကို ရေးသားပေးလိုက်ပါတယ်။ ၁) တာဝန်ယူမှု၊ ခေါင်းဆောင်မှုနှင့် တာဝန်ခံမှု (Commitment, Leadership & Accountability)၊ ၂) မူဝါဒများနှင့် ရည်မှန်းချက်များ ( Policies and Objectives)၊ ၃) အသင်းဖွဲ့စည်းပုံနှင့် အရင်းအမြစ်များ (Organization & Resources)၊ ၄) ကန်ထရိုက်တာနှင့် ပစ္စည်း၊ ဝန်ဆောင်မှုပေးသူများကို စီမံခန့်ခွဲခြင်း (Contractor & Supplier Management)၊ ၅) စွန့်စားမှုကို စီမံခန့်ခွဲခြင်း (Risk Management) ၆) လုပ်ငန်းဆောင်တာ လုပ်ငန်းစဉ် အဆင့်ဆင့်များ ( Business Processes) ၇) စွမ်းဆောင်ရည်၊ စောင့်ကြည့်ခြင်းနဲ့ အဆင့်မြှင့်တင်ခြင်း (Performance, Monitoring & Improvement)၊ ၈) စစ်ဆေးစိစစ်ခြင်းနဲ့ ပြန်လည်သုံးသပ်ခြင်း (Audits & Reviews)၊ စတာတွေပါပဲ။ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ဖို့ဆိုရင်… စီမံခန့်ခွဲ အုပ်ချုပ်စနစ် (Management System) နမူနာတခုရဲ့ အခြေခံအစိတ်အပိုင်း ၈ ခုထဲက နံပါတ် (၁) တာဝန်ယူမှု၊ ခေါင်းဆောင်မှုနှင့် တာဝန်ခံမှု၊ နံပါတ် (၂) မူဝါဒများနှင့် ရည်မှန်းချက်များ၊ နံပါတ် (၃) အသင်းဖွဲ့စည်းပုံနှင့် အရင်းအမြစ်များဆိုတဲ့ အစိတ်အပိုင်းတွေ အားကောင်းခိုင်မာနေဖို့ လိုပါတယ်။ ဆိုလိုတာက ထိပ်တန်းအုပ်ချုပ်သူတွေ ကိုယ်တိုင်က အဲဒီ စည်းကမ်း ချိုးဖောက်မှုတွေကို တကယ်ကို မဖြစ်မနေ ပြုပြင်မယ်ဆိုတဲ့ ပြင်းပြတဲ့ဆန္ဒနဲ့ ဦးဆောင်မှုပေးဖို့ တာဝန်ယူတတ်ဖို့၊ တာဝန်မကျေရင်လည်း တာဝန်ခံမှုတွေပြုဖို့ နံပါတ် (၁) အစိတ်အပိုင်းဖြစ်တဲ့ တာဝန်ယူမှု၊ ခေါင်းဆောင်မှုနှင့် တာဝန်ခံမှုကို သတ်မှတ်ဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ အရေးကြီးတဲ့ စိတ်ဓာတ်ပြောင်းလဲဖို့ လိုတာက အရင် စစ်အာဏာရှင်ဟောင်းတွေလို ငါ ပြောသလိုလုပ်၊ ငါ လုပ်သလို မလုပ်နဲ့လို့ အပြောမခံရအောင် အောက်ခြေကိုသာ ပြုပြင်ဖို့ အမိန့်ပေးနေပေမယ့် ကိုယ်တိုင်က စည်းကမ်းမဲ့နေ၊ ဥပဒေအထက်မှာနေတဲ့ အကျင့်စိတ်ဓာတ်တွေကို ကိုယ်တိုင်က စပြုပြင်ကြဖို့ လိုပါတယ်။ နောက်တခါ အဖွဲ့အစည်းရဲ့ မူဝါဒ၊ ရည်မှန်းချက်တွေကို ထိထိရောက်ရောက် ဖြည့်ဆည်း အကောင်အထည်ဖော်နိုင်ဖို့နဲ့ ဝန်ဆောင်မှုကို နှေးကွေးစေတဲ့အပြင်၊ အဂတိလိုက်စားမှု၊ ခြစားမှုတွေကို ဖြစ်ပေါ်စေတဲ့ ကြိုးနီစနစ်ကို လျှော့ချနိုင်ဖို့ မျှော်တွေးနိုင်အားအမြင် (Vision)၊ အကောင်အထည်ဖော်မှု ရည်မှန်းချက် မစ်ရှင် (Mission)၊ စံရည်စံညွှန်းတွေ (Standards)၊ ကိုယ်ကျင့်တရားစံတွေ (Code of Ethics)၊ လုပ်ကိုင်နည်း အဆင့်ဆင့် (Procedure)၊ လုပ်ငန်းလမ်းညွှန်ချက် (Guideline) တွေကို နံပါတ် (၂) မူဝါဒများနှင့် ရည်မှန်းချက်များ (Policies and Objectives) အခန်းမှာ တိတိကျကျ ရေးဆွဲပြဋ္ဌာန်းရမှာ ဖြစ်ပါတယ်။ ပြီးရင် အကျင့်ပျက်မှုတွေ၊ စည်းကမ်းမလိုက်နာမှုတွေကို ထိထိရောက်ရောက် ပြုပြင်အရေးယူနိုင်ဖို့၊ အုပ်ချုပ်သူတွေ၊ ဝန်ထမ်းတွေ လိုက်နာရမယ့် ကျင့်ဝတ်၊ စည်းကမ်းတွေ၊ တာဝန်ဝတ္တရားတွေ၊ အရေးယူမှု လမ်းညွှန် (Discplinary Guideline)  ကို တိတိကျကျ သတ်မှတ်နိုင်ဖို့အတွက် နံပါတ် (၃) အစိတ်အပိုင်းဖြစ်တဲ့ လူသားအရင်းအမြစ်ဆိုင်ရာ အသင်းဖွဲ့စည်းပုံကို မှန်မှန်ကန်ကန် ဖြစ်လာဖို့ ပြန်လည်  ရေးဆွဲကြရမှာ ဖြစ်တယ်။ ဒီဆောင်းပါးကို နိဂုံးသတ်ရရင် နိုင်ငံတနိုင်ငံ၊ အဖွဲ့အစည်းတရပ်၊ ကုမ္ပဏီလုပ်ငန်းတွေရဲ့ လုပ်ရည်ကိုင်ရည် စွမ်းဆောင်ရည်ကို မြှင့်တင်လိုတယ်၊ ရေရှည်ခံတဲ့ အောင်မြင်မှုတွေ ရလိုတယ်၊ ယုံကြည်မှု နာမည်ကောင်းရ အသိအမှတ်ပြုခံလိုတယ်၊ လူအများရဲ့ အကျိုးစီးပွားကို ရိုးရိုးသားသား ဖော်ဆာင်လိုတယ်ဆိုရင် မှန်ကန်ထိရောက်တဲ့၊ နိုင်ငံတကာအသိအမှတ်ပြု စံရည်စံညွှန်းတွေနဲ့ညီတဲ့ စီမံအုပ်ချုပ်ပုံစနစ်နဲ့ လုပ်ကိုင်  ဆောင်ရွက်မှသာ ရနိုင်ပါတယ်။ ဥပဒေအထက်မှာ လူနည်းစု ဗိုလ်ကျခွင့်၊ အခွင့်ထူးခံခွင့်ရှိတဲ့ အုပ်ချုပ်ပုံစနစ်၊ သံတုတ်ကိုင် စီမံအုပ်ချုပ်ပုံစနစ်ကို  ဖျက်သိမ်းနိုင်ဖို့ဆိုရင် သိပ္ပံနည်း ချဉ်းကပ်ရေးဆွဲထားတဲ့ နိုင်ငံတကာ စံရည်စံညွှန်းမီ စီမံအုပ်ချုပ်ပုံစနစ်တရပ်ကို မဖြစ်မနေ ထူထောင်ဖို့ လိုအပ်ပါကြောင်း ရေးသားအသိပေးလိုက်ပါတယ်။ မင်းကောင်းချစ် မေလ (၁) ရက်နေ့ ၂၀၁၇ ခုနှစ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024